အာဏာသိမ်းစစ်အုပ်စု၏ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးအမှတ် (၁)တပ် နှင့် ကပစ (၂၅) အထိုင်တပ်စခန်းကို ဒေသကာကွယ်ရေးတပ်များဝင်တိုက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ၎င်းတို့၏ တိရစ္ဆာန်မွေးမြူရေးနေရာ တစ်နေရာသို့ သွားရောက် တွေ့ဆုံစဉ်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ၎င်းတို့၏ တိရစ္ဆာန်မွေးမြူရေးနေရာ တစ်နေရာသို့ သွားရောက် တွေ့ဆုံစဉ်
အာဏာသိမ်းစစ်အုပ်စု၏ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးအမှတ် (၁)တပ် နှင့် ကပစ (၂၅) အထိုင်တပ်စခန်းကို ဒေသကာကွယ်ရေးတပ်များဝင်တိုက်
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသရှိ အာဏာသိမ်းစစ်အုပ်စု၏ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ၏ အထိုင်တပ်စခန်းများအား ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် အနီးကပ်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြောင်း လောင်းရှည် PDF က ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းအသီးသီးခွဲကာ ကပစ(၂၅)ဗဟိုကင်းရုံးနှင့် ခရိုင်ခြင်းဆက် လမ်းဂိတ်စခန်းတို့အား အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ကပစ(၂၅) ညောင်ချောင်းကင်းစခန်း၊ လောင်းရှည်ရဲစခန်းကုန်း၊ လောင်းရှည်မီးသတ်ကုန်း၊ လောင်းရှည်စက်တော်ရာကုန်း၊ လောင်းရှည်ယွန်းကျောင်းအောက်တို့တွင် အခိုင်အမာ တပ်စွဲနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တပြိုင်တည်း အနီးကပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်ကာ တိုက်ပွဲဖြစ်ပွားချိန် (၄)နာရီကျော်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ ရဲ(၃)ဦးနှင့် စစ်ကောင်စီတပ်သား (၈)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာအများရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် လောင်းရှည်မြို့‌ဒေသခံ အမျိုးသမီး(၁)ဦးသေဆုံးပြီး အမျိုးသမီး(၂)ဦး ကျည်ထိမှန်ဒဏ်ရာရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ (၁)ဦးကျဆုံးပြီး (၅)ဦးမှ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

၎င်းတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းနှင့်အတူ ဂန့်ဂေါခရိုင်အမှတ်(၃/၅)တပ်ရင်း၊ မကွေးခရိုင်အမှတ်(၁)တပ်ရင်းနှင့် စလင်းတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ပခုက္ကူမြို့နယ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးအမှတ် (၁)တပ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၏ နံနက်ပိုင်းတွင် ပခုက္ကူအခြေစိုက် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် အနီးရှိကျေးရွာ(၁၂)ရွာမှ ဒေသခံ(၂)သောင်းဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency