ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်ကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများအားလုံး အချိန်ပိုကြေးအဖြစ် ကျောင်းသားတစ်ဦးကို လစဉ် ကျပ်(၁၀,၀၀၀) သတ်မှတ် ကောက်ခံ

ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်ကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများအားလုံး အချိန်ပိုကြေးအဖြစ် ကျောင်းသားတစ်ဦးကို လစဉ် ကျပ်(၁၀,၀၀၀) သတ်မှတ် ကောက်ခံ

တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရုံး တည်ရှိရာ ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်ကျောင်းများအပါအဝင် မြို့ပေါ် ကျောင်းများအားလုံး အချိန်ပိုကြေးအဖြစ် ကျောင်းသား ကျောင်းသူ တစ်ဦးကို ကျပ်(၁၀,၀၀၀)သတ်မှတ် ကောက်ခံနေကြောင်း သိရသည်။

"စစ်တပ်ပိုင်တဲ့ အထက(၅)မှာ အချိန်ပိုကြေးဆိုပြီး ကျောင်းသားတစ်ဦးကို ကျပ်(၁၀,၀၀၀)ကောက်တယ်။ အဲ့ကျောင်းရဲ့ ကျောင်းအုပ်က ဗိုလ်ကြီး။ အဲ့လိုပဲ ကျိုင်းတုံကျောင်းတွေမှာ  အချိန်ပို မတက်မနေရ တစ်လကို ကျပ်(၁)သောင်း ပုံမှန် ပေးရမယ်လို့ ပြောတယ်"ဟု ကျောင်းသားမိဘတစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် ပြောသည်။



ပညာရေးဌာနအနေဖြင့် အောင်ချက်မြင့်မားပြီး ကျောင်းနေကလေးများ ကျောင်းနေပျော်၍ စာတော်စေလိုပါက ပညာရေးစနစ်ကို ငွေကြေးဖြင့် မသတ်မှတ်စေလိုပဲ အလုံစုံ အခမဲ့ပညာရေးစနစ်တာဖြစ်သင့်ပြီး ယခုလို အချိန်ပိုအဖြစ် ဖန်တီးပြီး ငွေကြေး ကောက်ခံခြင်းက စီးပွားရေးဆန်ဆန် လုပ်ဆောင်ခြင်း ဖြစ်သလို အဆင်မပြေသည့် ကျောင်းသားမိဘများအတွက် အခက်တွေ့စေသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။

"ငွေကြေးတတ်နိုင်တဲ့ လူတွေအတွက်တော့ ကျပ်(၁)သောင်းဆိုတာ မသိသာပေမဲ့၊ ကျွန်မတို့အတွက်ကတော့ ကျပ်(၁)သောင်းဆိုလည်း သိတာတယ်။ ကလေးက (၃)ယောက်တောင်ရှိတာ။ (၃)ယောက်လုံး ကျောင်း အပ်ထားတာ။ အငယ်ဆုံးက (၂)တန်းတက်နေပြီ။ ကလေးတွေကို စာတတ်စေချင်ရင်တာလား ငွေရချင်တာလားတော့မသိဘူး။ ဒီလိုလုပ်တာဟာ သူတို့အတွက် စီးပွားရေးဆန်တယ်လို့ ပဲ မြင်တယ်။"ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် အချို့ကျောင်းများ၌ အချိန်ပိုသင်ကြားမှုကို ၂၀၂၃ခုနှစ် ဇွန်လ(၆)ရက်နေ့က စတင်နေပြီး အချို့ကျောင်းများမှာ အချိန်ပိုသင်ကြားရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။



ကျိုင်းတုံမြို့တွင် စစ်တပ်က တိုက်ရိုက်အုပ်ချုပ်ပြီး ကျောင်းအုပ်များကို ဗိုလ်ကြီးအဆင့်ရှိသူများအား ခန့်ထားသည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း အပါအဝင် မြို့နယ်တွင်းရှိ ကျောင်းများတွင် တစ်လလျှင် ကျပ်(၁)သောင်း သတ်မှတ်ကာ အချိန်ပိုများသင်ကြားပေးနေမှုများနှင့်  ပတ်သက်၍ အချိန်ပိုကြေးများ မကောက်ခံခိုင်းရန် ကျောင်းသားမိဘများက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်ထံ အသနားခံစာ ပေးပို့ရန် စီစဉ်နေကြောင်းလည်း ကျောင်းသားမိဘများထံက သိရသည်။