တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူများ ဓါးကိုင်ပတ်သွားပြီး ရမ်းကားနေ၍ ဒေသခံများ အချင်းချင်း သတိပေးနေရ

တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူများ ဓါးကိုင်ပတ်သွားပြီး ရမ်းကားနေ၍ ဒေသခံများ အချင်းချင်း သတိပေးနေရ
အောက်တိုဘာ 22, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများက ဓါးတို၊ ဓါးရှည်များကိုင်ပြီး မြို့တွင်း သွားလာမှုများမှာ ထိန်းမရဖြစ်နေပြီး ဆိုင်ကယ်ဖြင့် သွားလာသူများကို တခါတရံ ဓါးဖြင့် လှမ်းခုတ်သည်များရှိနေသည်ဟု သိရသည်။

"ပြီးခဲ့တဲ့ ရက်က ဆန်ဆိုင်းဘက်မှာ လမ်းမကြီးမှာပဲ ညပိုင်း ဆိုင်ကယ်မောင်းသွားတာကို ဓါးနဲ့လှမ်းခုတ်တာ။ အတော်လှန့်သွားတယ်။ အနောက်ပြန်လှည့်ကြည့်တော့ သူမဟုတ်သလိုနဲ့ ရပ်နေတယ်။ အဲ့လိုပဲ အာခါဈေးဘက်မှာလည်း ဖြစ်သေးတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး မြို့တွင်း၌ ပတ်သွားနေသူပေါများလာနေပြီး အချို့မှာ ရပ်ထားသည့်ကားကို ဓါးဖြင့် ခြစ်ခြင်း၊ ကားမှန်ရိုက်ခွဲခြင်းများအထိ လုပ်ဆောင်မှုများရှိနေသော်လည်း ဒေသအာဏာပိုင်များက ထိန်းသိမ်းရဲခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

"အသိတစ်ယောက်ရဲ့ ကား လမ်းဘေးမှာပဲ ရပ်ထားတာ၊ မနက်ရောက်တော့ ကားရှေ့မှာ ဓါးနဲ့ခြစ်ထားတာတွေ့လို့ CCTV ပြန်ကြည့်တော့ ဆေးသမားတစ်ယောက်ဖြစ်နေတယ်။ တာချီလိတ်ကလည်း ဘယ်လိုတွေဖြစ်နေလဲမသိဘူး ဆေးသမားတွေကို ကြောက်နေရတယ်"ဟု ဆန်ဆိုင်းရပ်ကွက်တွင်းနေသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ မူးယစ်ဆေးဝါးသုံးစွဲပြီး လမ်းဘေးတွင်နေကာ ပတ်သွားနေသူများမှာ ယခင်ကတည်းကရှိနေခြင်း ဖြစ်သော်လည်း ယခုအခါမှာ ဓါးကိုင်ပြီး ပတ်သွားနေသူ ပိုများလာသည်ဟု သိရသည်။

#TachileikNewsAgency