တာချီလိတ်မြို့တွင်  ကျောင်းသားများ စာတော်ချင်၊ စာတတ်ချင်ပါက ကျူရှင် မဖြစ်မနေ တက်ရမည်ဟု ဆရာမများက ဖိအားပေးနေ၍ ကျောင်းသားမိဘများ အခက်တွေ့

တာချီလိတ်မြို့တွင်  ကျောင်းသားများ စာတော်ချင်၊ စာတတ်ချင်ပါက ကျူရှင် မဖြစ်မနေ တက်ရမည်ဟု ဆရာမများက ဖိအားပေးနေ၍ ကျောင်းသားမိဘများ အခက်တွေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ပြီးမကြာမီ တစ်ပတ်အတွင်း၌ ကျောင်းသားများ စာတော်ချင်၊ စာတတ်ချင်ပါက ကျူရှင် မဖြစ်မနေ တက်ရမည်ဟု ဆရာမများက အတင်းအဓမ္မပြောကြားသည်အထိ ရှိနေသည့်အတွက် တနေ့လုပ် တနေ့စား ကျောင်းသားမိဘများအတွက် အဆင်မပြေမှုများနှင့် ကြုံနေရသည်ဟု သိရသည်။ 

"ဆန်ဆိုင်းကျောင်းမှာတော့ အငယ်တန်းကနေ အကြီးတန်းအထိကို တနေ့ တနေ့ ကျူရှင်တက်ဖို့ပဲ ပြောနေတာ။ ဆန်ဆိုင်းကျောင်းမှာ အတန်းတိုင်း လိုလိုပဲ တချို့ မိဘတွေကို ခေါ်တွေ့ပြီး ကလေးက စာမလိုက်နိုင်ဘူး အချိန်ပိုအနေနဲ့ ကျူရှင်သင်မှ ရမယ်တဲ့။ ကျူရှင်ခ ဘယ်လောက်လဲဆိုတော့ ဘတ်(၇၀၀)၊ ဘတ်(၈၀၀)ဆိုပြီး ပြောတယ်။ မိဘပဲရှင် ကိုယ့်သားသမီးကို စာတော်စေချင် တတ်စေချင်တာပေါ့။ ကျွန်မတို့ အဆင်မပြေတာ ဆရာမတွေက မသိဘူး။ ကျူရှင်ပဲ အတင်းတက်ခိုင်းနေတယ်။ ကျူရှင်မတတ်ရင် ကလေးက ကျောင်းခန်းထဲမှာ မျက်နှာငယ်ရမဲ့ အနေအထားမျိုး ပြောဆိုတယ် ကိုယ့်အတွက်ကိုယ်ပဲ သိတဲ့ ဆရာမတွေ"ဟု အထက(ဆန်ဆိုင်း)၏ ကျောင်းသားမိဘဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျူရှင်ခများမှာ အတန်းအလိုက် အနည်းဆုံး ဘတ်(၅၀၀)ကနေ ဘတ်(၈၀၀) ဘတ်(၉၀၀)အထိရှိနေသည့်အတွက် ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့၏ ကလေးများ မဖြစ်မနေ ကျူရှင်တက်ရမည်ဆိုပါက ကျူရှင်ခကို တစ်လလျှင် ဘတ်(၃၀၀)ဝန်းကျင်သာ ဖြစ်သင့်သည်ဟုဆိုသည်။

"ကျွန်တော့်မှာက ကလေး(၃)ယောက်ရှိတယ်။ ကလေး(၃)ယောက်လုံးကို ကျောင်းထားထားတာ။ နေရတာကလည်း အိမ်ပိုင်မဟုတ်ဘူးဗျာ။ အိမ်ခန်းငှားနဲ့နေရတာဆိုတော့ တာချီလိတ်မြို့က သိတဲ့အတိုင်း တစ်လ တစ်လ အိမ်ခန်းငှားခ တွေကလည်း အတော်လေးကို များနေတာ။ အခု ကျောင်းဖွင့်တော့ ကလေးအတွက် တနေ့ တနေ့ ကျောင်းမုန့်ဖိုးအပြင် လစဉ် ကျူရှင်ခတွေက (၃)ယောက်ပေါင်းဆို ဘတ်(၂၀၀၀)ကျော်တောင်။ အဲ့လောက်အထိ အဆင်မပြေဘူးဗျာ။ ကျူရှင်က ဟိုးအရင်လို ဘတ်(၂၅၀)၊ ဘတ်(၃၀၀)လောက်ဆို မဖြစ်ဖြစ်တဲ့နည်းနဲ့ ထားနိုင်ပါသေးတယ်။ အခုက ကျူရှင်ခတွေက အိမ်ခန်းငှားခတွေလို တရိပ်ရိပ်တက်လာနေတာ"ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကျူရှင်ခများမှာ အဆင်ပြေသည့် ကျောင်းသားမိဘများအတွက် ပြောလောက်သည့် ပမာဏ မဟုတ်သော်လည်း အဆင်မပြေသည့် မိဘများအတွက် ကလေးကို ကျောင်းပြန်ထုတ်ရမည့် အခြေအနေများထိပင် စဉ်စားနေရပြီး အချို့မှာ ကျောင်းပြန်ထွက်သွားကြသည့် ကျောင်းသားများလည်း ရှိနေသည်ဟု သိရသည်။

"ကျွန်မကတော့ လက်လုပ်လက်စားပဲ။ သူများတွေလို ငွေရှိနေရင် ကလေးကို အစိုးရကျောင်းမှား မထားနေဘူး။ ကိုယ်ပိုင်ကျောင်းမှာပဲ ထားမှာပေါ့။ အခုက အဆင်မပြေလို့ အစိုးရကျောင်းမှာပဲ ထားတာ။ ဒါကို ကျူရှင်မဖြစ်မနေ တက်ရမယ် ကျူရှင်မတက်ရင် ကလေးအတွက် ဘာအခွင့်အရေးမှ မရနိုင်ဘူး ဆိုတာမျိုးတွေပြောတော့ ကလေးကိုပဲ ကျောင်းပြန်ထုတ်ရမလိုလိုဖြစ်နေပြီ။ အချို့လည်း အခုလို ဖိအားကြောင့် ကျောင်းမသွားတော့တဲ့ ကလေးတွေတောင်ရှိနေတယ်"ဟု  ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကျူရှင်ခများ များပြားသည့်အတွက် အဆင်မပြေသည့် ကျောင်းသားမိဘများက အတန်းပိုင်ဆရာမများကို သွားရောက် ညှိနှိုင်းရာတွင် ကျောင်းအုပ် နှင့် ပညာရေးမှူးရုံးရှိ အကြီးပိုင်းများကို   ပြန်လည်ပေးကမ်းဟုရသည်များရှိ၍ ယခုလို သတ်မှတ်ကောက်ခံသည်ဟု ပြန်ပြောသည်လည်း သိရသည်။

"တကယ်ပါ အဆင်မပြေလို့ သွားညှိတော့ ကျောင်းအုပ်နဲ့ ပညာရေးရုံးက ပညာရေးမှူး၊ ဒုပညာရေးတွေကို ပြန်ပြီး ပေးကမ်းရတာတွေသလို ကုန်ဈေးနှုန်းလည်း တက်လာလို့ လျှော့ပေးလို့မရဘူးဆိုပြီး ပြောတယ်"ဟု ကျောင်းသားမိဘ တစ်ဦးက ပြောပြသည်။



ကျူရှင်များ မတက်မနေရ သဖွယ် အမျိုးမျိုး ဖိအားပေးသည့် တာချီလိတ်မြို့တွင်း အဓိက ကျောင်းများမှာ အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်) အထကခွဲ(ပုန်းထွန်) နှင့် အထကခွဲ(ရန်အောင်မြေ)တို့ဖြစ်ကြသည့်အပြင် အလယ်တန်းအဆင့်ကျောင်းများတွင်လည်း ယင်းကဲ့သို့ ရှိနေကြောင်း သိရသည်။

"ကလေးတွေကို ကျောင်းချိန်အတွင်းမှာ စေတနာပါပါ သင်ပေးရင် ကလေးတွေက စာလိုက်နိုင်ကြပါတယ်။ အခုက နယ်စပ်လည်းဖြစ်သလို ကျပ်ငွေ မဟုတ်ဘဲ ဘတ်ငွေပဲ သုံးရတော့ ကျောင်းဖွင့်ပြီဆိုတာနဲ့ တခန်းလုံး ကျူရှင်တက်ရမယ်ဆိုတဲ့ မျှော်မှန်းချက်ကြီးတွေက သူတို့မှာ ရှိထားကြတယ်။ မူကြိုအဆင့် KG တန်းတောင် ကျူရှင်တက် တင်ခိုင်းနေသလို ကလေးတွေရဲ့ မိဘတွေရဲ့ အသံတွေလည်း ထွက်လာနေတာ ကြားရတယ်။ တာချီလိတ်မှာက အဆင်ပြေတဲ့လူရှိသလို အဆင်မပြေတဲ့ ကျောင်းသားမိဘတွေလည်းရှိကြတယ်။ ကျူရှင်ခတွေကို  မြှင့်တင်လိုက်တာမျိုးလုပ်တာက ရောင်းကုန်တစ်ခုလို သတ်မှတ်လုပ်ကိုင်နေကြတာနဲ့တူနေတယ်။ ကျူရှင်မသင်ဖို့ ပြောတာတော့မဟုတ်ဘူးပေါ့။ အားလုံးအဆင်ပြေမဲ့ နှုန်းမျိုးဖြစ်သင့်တယ်။   ဒါကို တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတွေက အလိုတူ အလိုပါလား။ မထိန်းကျောင်းပေးနိုင်တာလားဆိုတာတော့မပြောတတ်ဘူး။ ကျွန်တော်တို့လည်း အရင်တုန်းကတော့ ပညာရေးကိစ္စတွေကအစ ဝင်ကူပေးဖြစ်ခဲ့ပေမဲ့ အခု ခေတ်ကာလအခြေအနေအရ ဝင်မပါချင်တော့ဘူး"ဟု တာချီလိတ်မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်တခုလုံးအနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၅,၀၀၀)ကျော်ရှိကြောင်း တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

တာချီလိတ်မြို့တွင် အစိုးရကျောင်းများအပြင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများလည်းရှိနေရာ စီးပွားရေးအဆင်ပြေပြီး တတ်နိုင်သည့် ကျောင်းသားမိဘများက ၎င်းတို့၏ ကလေးများကို အစိုးရကျောင်းတွင် မထားတော့ဘဲ ကိုယ်ပိုင်ကျောင်းများတွင် ထားကြသည်များလည်း ရှိသည်။