မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးအားလုံးကို စစ်ကောင်စီ ပိတ်ပင် ရပ်ဆိုင်း

မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးအားလုံးကို စစ်ကောင်စီ ပိတ်ပင် ရပ်ဆိုင်း

 မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ကို နိုင်ငံတကာကူညီကယ်ဆယ်ရေးနှင့် ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးအား ၂၀၂၃ခုနှစ်၊ ဇွန်လ(၈)ရက်နေကစတင်ကာ စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း ဒေသတွင်းကူညီကယ်ဆယ်ရေး လုပ်နေသူများကပြောသည်။

ကယ်ဆယ်ရေးများ လာခွင့်များကို အားရပ်ဆိုင်းထားရန် ဇွန်လ( ၇ ) ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ရေးထိုးကာ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

"ဟုတ်တယ်။ တရားဝင် စာထုတ်လိုက်တယ်။ ဒါက ရခိုင်ပြည်သူတွေကို ပိုဒုက္ခရောက်အောင် လုပ်နေတာပါ။"ဟု ဒေသတွင်းကူညီ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မုန်တိုင်းသင့်ရခိုင်ဒေသကို ယခုကဲ့သို့ ကူညီ ကယ်ဆယ်ခွင့်များ ပိတ်ပင်လိုက်ခြင်းသည် ဒုက္ခသည်များအပေါ် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေး သမား တစ်ဦးက ပြောသည်။ 

"နိုင်ငံတကာအကူအညီတွေဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အကုန်လုံးသိကြပါတယ်နော်။ ဒါက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်းဖြစ်တယ်။ ပြီးတော့ အရေးပေါ်အခြေအနေမျိုးမှာပေါ့ တကယ့်ကို ဒေသမှာ အမိုးအကာအောက် မရောက်နိုင်ဘဲ ထမင်းတောင်မှ နပ်မှန်အောင်မစားနိုင်ဘဲ ဒုက္ခရောက်နေတဲ့ မိုးထဲ ရေထဲမှာ ပြည်သူတွေအများကြီးရှိတယ်။ ဆိုတော့ ဒီလိုအကူ အညီမျိုးကို ပိတ်ပင်တယ်ဆိုတာတော့ကို ကိုယ်ချင်းမစာ ဒုက္ခသည်တွေအပေါ်မှာ ဒုက္ခရောက်အောင် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေသလိုပဲလိုမြင်တယ်။"ဟုရခိုင်ဝါရင့်နိုင်ငံရေး သမား တစ်ဦးဖြစ်သူ ဦးဖေသန်းက Tachileik News Agency သို့ ဇွန်လ(၈)ရက်နေ့တွင် ပြောသည်။

မုန်တိုင်းဒဏ်သင့်၍ ဒုက္ခရောက်နေရသည့် ပြည်သူများအတွက် အကူအညီအထောက်အပံ့မှာ အရေးတကြီး လိုအပ်နေပြီး ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းကို စစ်ကောင်စီက တာဝန်ယူရမည့်အပြင် သမိုင်း အမဲစက်အဖြစ်ကျန်ရစ်မည်ဟုလည်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွင်ကို မိတ္တူကို တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှူးရုံး (ကျီးကန်းပြင်)၊ မောင်တောမြို့ တပ်ဖွဲ့ခွဲမှူး၊ သတင်းရဲတပ်ဖွဲ့၊အမှတ် (၁၂) တပ်ဖွဲ့ခွဲမှူးရုံး၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ စစ်တွေမြို့ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (စစ်တွေ၊ အမ်း) စသည်တို့ကို ပူးတွဲပေးပို့ထားသည်။  

"ကျွန်တော်မြင်တာကတော့ သူတို့က အဆုံးထိသွားလိမ့်မယ်မြင်တယ်။ သူတို့က နိုင်ငံရေးအကျိုးအမြတ်လိုချင်တယ်။ သူတို့ကို အဖက်လုပ်ရမယ်။ သူတို့ဆီကတဆင့်သွားရမယ်ဆိုမျိုး။ နိုင်ငံတကာနဲ့ ကယ်ဆယ်ရေးလုပ်နေသူအကုန်လုံးကို ထိန်းချုပ်တယ်ပေါ့။ နောက်တမျိုးက သူတို့ဆီကခွင့်ပြုချက်ပေါ့။ အဲဒီဟာမပါရင်တော့ သွားလို့မရဘူး။ သူတို့စိစစ်မယ်ဆိုတော့ ပရော့ဆက်က အရမ်းကြာ သွားမယ်။ နာဂစ်တုန်းကလည်း သူတို့ဒီလိုပဲ လုပ်လာကြတာပဲ။ ဒီဖက်မှာ နိုင်ငံရေးအားဖြင့်ရော စစ်ရေးအရပါ အားပြိုင်နေတဲ့အချိန်မှာ အဲဒါကိုနင်းပြီးတော့ လုပ်တယ်လို့မြင်တယ်။ လူတွေပိုပြီးတော့ ဒုက္ခရောက်လေ သူတို့အတွက်က တော်လှန်ရေးအဖွဲ့တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ သက်ရောက်မယ်လို့ သူတို့ယူဆပုံရတယ်။"ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့က မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့သည် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ မည်သည့်သဘောတူညီမှုမှ မရရှိဘဲ ဒုတိယမြောက်နေ့ ဇွန်လ(၂)ရက်နေ့တွင် ဆွေးနွေးပွဲ ရပ်တန့်သွားခဲ့သည်။

မည်သည့်ကိစ္စကြောင့် ဆွေးနွေးပွဲရပ်တန့်သွားသည်ကို သက်ဆိုင် ရာအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အမြန်ဆုံး အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေးကိစ္စကိုလည်း ပထမနေ့တွင် ထည့်သွင်း ဆွေးနွေးခဲ့ကြကာ (၅)ရက် မြောက်နေ့တွင် ယခုကဲ့သို့ စစ်ကောင်စီဘက်က ပိတ်ပင်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များ အပါအဝင် ဒေသခံပြည်သူ သေဆုံးသူ(၁၄၆) ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ပျောက်ဆုံးသူ(၃) ဦးရှိသည့်အပြင် လူတစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့၍ လူနေအိမ်(၂၁၆,၀၀၀) ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

ယခုလို စစ်ကောင်စီ၏ ပိတ်ပင်မှုများနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)ကို ဆက်သွယ်၍ မရသေး‌ပါ။