ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်များ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေကာ လေးဦးဒဏ်ရာရ

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်များ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေကာ လေးဦးဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံမှ သိရသည်။

မြောက်ခင်ရမ်းရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် တောင်ခင်ရမ်းရွာရှိ ရဲစခန်းတို့မှ (၁၂၀)မမ လက်နက်ကြီးဖြင့် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့မှစတင်ကာ ယနေ့ ဩဂုတ်လ (၁၃)ရက်နေ့အထိ နေ့စဉ်ပစ်ခတ်ခဲ့ခြင်းကြောင့် ရေသာကျေးရွာ၊ မြင်သားရွာ၊ တောင်ခင်ရမ်းရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ(၈)ရက်နေ့က မြောက်ခင်ရန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် (၁၂၀)မမ  လက်နက်ကြီးကြောင့် ရေသာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းသို့ လက်နက်ကြီးစထိမှန်ကာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ(၁၁)ရက်နေ့တွင် မြောက်ခင်ရန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် (၁၂၀)မမ လက်နက်ကြီးကျည် မြင်သားရွာသို့  (၂)လုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၅၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် အဆိုပါလက်နက်ကြီးကျည်ကြောင့် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်း ဘယ်ဘက်ခြမ်းသို့ လက်နက်ကြီးစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး ဝမ်းဗိုက်၊ ဘယ်ဘက် နောက်ကျောနှင့် ညာခြေထောက်တို့တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)နှင့် အသက်(၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဘယ်ဘက်ပေါင် လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်များက တောင်ခင်ရန်းကျေးရွာအတွင်းကို ဝင်ရောက်ကာ နေအိမ်(၇)လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး စခန်းအတွင်းမှလည်း (၈၀)မမ လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း (၁၂၀)မမ လက်နက်ကြီးဖြင့် မြင်သားကျေးရွာကို ပစ်ခတ်ခဲ့ရာ ရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားများ ထိခိုက်မှုမရှိခဲ့ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ