အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်း၏ ဗုဒ္ဓဆင်းတုတော် တည်ဆောက်ရေးတွင် ထောက်ပံ့ခဲ့သူ (၂၀၀)ကျော်ကို ဂုဏ်ထူးဆောင်ဆုများပေး

အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်း၏ ဗုဒ္ဓဆင်းတုတော် တည်ဆောက်ရေးတွင် ထောက်ပံ့ခဲ့သူ (၂၀၀)ကျော်ကို ဂုဏ်ထူးဆောင်ဆုများပေး

အာဏာသိမ်းစစ်ခေါင်းဆောင်က နေပြည်တော်တွင် ဗုဒ္ဓဆင်းတုတော် တည်ဆောက်ရေးလုပ်ရာတွင် စွမ်းစွမ်းတမံ ထောက်ပံ့သူများအဖြစ် သီတဂူဆရာတော်အပါအဝင် သံဃာ(၂၆)ပါး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ (၁၁၁)ဦးအပါအဝင် စုစုပေါင်း (၂၃၀) ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်သည်ဟု ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။

သရေစည်သူ၊ စည်သူ၊ သူရ၊ သီရိပျံချီ၊ သိပ္ပကျော်စွာ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်၊ စီမံထူးချွန်၊ လူမှုထူးချွန်၊ စီးပွားထူးချွန်၊ ဝိဇ္ဇာပညာထူးချွန်၊ နည်းပညာထူးချွန် ဘွဲ့များ၊ ဆုတံဆိပ်များ ပေးအပ်ခံရသူများတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် မကြာမီက ခန့်အပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ အင်ဂျင်နီယာကောင်စီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှလည်း ပါဝင်သည်ကို တွေ့ရသည်။

ယင်းအပြင် Two Elephant Trading Co.,Ltd၊ သူရိယစန္ဒာကုမ္ပဏီ၊  United Elephants Steel Solutions Co., Ltd၊ ပြည့်စုံဟိန်းကုမ္ပဏီ၊ Brilliant Myanmar ကုမ္ပဏီ၊ Authetic ကုမ္ပဏီ၊ Royal Hi-Tech Group ကုမ္ပဏီ၊  ရွှေနှစ်လှိုင်ကုမ္ပဏီ၊ YGE ကုမ္ပဏီ၊ မြန်မာစစ်သူကြီးကုမ္ပဏီ၊ Mansion ကုမ္ပဏီ၊ ဇာနည်ထက်ကုမ္ပဏီ၊ မင်္ဂ‌လာအောင်မြေကုမ္ပဏီ၊ ဓမ္မသုခပုံနှိပ်တိုက်၊ Soe Offset၊ KKL Stone Sculpture ကုမ္ပဏီ၊ More CNC ကုမ္ပဏီ၊ သစ်ခွကုမ္ပဏီ၊ မြမာမှုကုမ္ပဏီ၊ Hexa Tech ကုမ္ပဏီ၊ လင်းမြန်မာကုမ္ပဏီ၊ ဦးမာဃကုမ္ပဏီ၊ အနန္တဂုဏ်ကုမ္ပဏီ နှင့် နဂါးနီကုမ္ပဏီတို့ကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်းပတ်ပြီး ဘာသာရေးအဆောက်အအုံများအပါအဝင် အရပ်သားနေရာများကို စစ်ကြောင်းထိုးမီးရှို့၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေစဉ်တွင် အာဏာသိမ်းခေါင်းဆောင်က နေပြည်တော်တွင် အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တည်ထားလာခြင်းဖြစ်သည်။

#TachileikNewsAgency