ကလေးမြို့  ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှင့်ပစ်ခတ်၍ တစ်ဦးသေဆုံး (၄)ဦးဒဏ်ရာရ

ကလေးမြို့  ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှင့်ပစ်ခတ်၍ တစ်ဦးသေဆုံး (၄)ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်(မြောက်ပိုင်း)၊ ရှုခင်းသာကျေးရွာ  စာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၅)ရက်နေ့၊ နံနက်(၁၀)နာရီခွဲ ဝန်းကျင်တွင် လာရောက်ပစ်ခတ်ရာ အရပ်သား(၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရကြောင်း သိရသည်။

ရှုခင်းသာကျေးရွာ စာသင်ကျောင်းတွင် ကျေးရွာလူကြီးများ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက‌ပြောသည်။ 

"တိုက်ခိုက်ရေးရဟတ်ယာဉ်က (၅)မိနစ်ကြာလာပစ်တယ်။ လက်နက်ကြီးနဲ့ စက်သေနတ်ဖြင့်ပစ်ခတ်ပြီး လှည့်ပြန်သွားပါတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကိုပြောသည်။

ရှုခင်းသာရွာသည် လက်ပံချောင်းနဲ့ ရာဇာဂြိုလ်ကားလမ်းမဘေးတွင်ရှိပြီး M13 ရဟတ်ယာဉ်နှင့် လာရောက်ပစ်ခတ်သည့်အပြင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

"အခုကတော့ အခြေအနေ ပြန်ငြိမ်သွားပါပြီ။ ပြည်သူတွေကတော့ ထိပ်လန့်နေကြတယ်။ အရပ်သား တစ်ယောက်သေ၊ (၄)ဦးထိခိုက်ဒဏ်ရာရတယ်။ ကျောင်းမှာ ရွာနီးနားကလူကြီးတွေ အစည်းအဝေးလုပ်ကြတယ်။ ဒါကို လာပစ်တာ။ အဆောက်အဦးထိခိုက်တာကတော့ ကျောင်းဆောင် အနည်းငယ်ပျက်စီးသွားတယ်။"ဟု CNO Upper Chindwin Region-UCR မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြော သည်။

ရှုခင်းသာကျေးရွာ စာသင်ကျောင်းတွင် ကျေးရွာလူကြီးများသည် မည်သည့်အစည်းအဝေးပြုလုပ်နေသည်ကိုမူ အတိတကျ မသိရသေးပေ။ 

စစ်ကိုင်းတိုင်းတွင်လည်း ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု (၃၇)ကြိမ်ရှိခဲ့ပြီး ပဇီကြီးရွာဖြစ်ရပ်အပါအဝင် အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး (၁၅၀)ဦးကျော်သေဆုံးခဲ့ရသည်။

#TachileikNewsAgency

Photo : CJ