ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အရပ်သား(၅)ဦးသတ်ဖြတ်ခံရကာ ကျေးရွာ(၂၅)ရွာမှ နေအိမ်(၆၅၆)လုံးမီးလောင်ပျက်စီးခဲ့ရ

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အရပ်သား(၅)ဦးသတ်ဖြတ်ခံရကာ ကျေးရွာ(၂၅)ရွာမှ နေအိမ်(၆၅၆)လုံးမီးလောင်ပျက်စီးခဲ့ရ

မ‌ကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ ပြီးခဲ့သည့်မေလ (၂၅)ရက်နေ့မှ (၂၉)နေ့အထိ (၄)ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ အင်အား(၂၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းများခွဲကာ ဝင်ရောက်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ကျေးရွာပေါင်း (၂၅)ရွာမှ ဆေးခန်း(၂)လုံး အပါအဝင် နေအိမ်(၆၅၆)လုံးမီးလောင် ပျက်စီးခဲ့ရပြီး အရပ်သား(၅)ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်၍ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီး၊ ရိုက်နှက်ခြင်းများနှင့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သား (၅)ဦးသေဆုံးမှုအပြင် ‌ဒေသခံ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဒါ့အပြင် ကျေးလက်ဆေးပေးခန်းအပါအဝင်  နေအိမ်အဆောက်အဦး(၆၅၆)လုံးနှင့် စက်လှေများ၊ ကောက်ပဲသီးနှံ၊ ဆန်စပါးများပါ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့  တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းများမှ ကျေးရွာများသို့ စစ်ကြောင်းထိုးရာတွင် ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားခံရသူများလည်း ရှိကြောင်းသိရသည်။ ၄င်းတို့အထဲမှ အချို့မှာ ဒဏ်ရာရရှိထားသူများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ဒေသခံ(၂၁၀၀၀)ဝန်းကျင် အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသဖြင့် ကူညီပေးကြရန် ရေစကြိုမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့