ဟားခါးမြို့နယ်အတွင်း သီးတအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ဟားခါးမြို့နယ်အတွင်း သီးတအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

 ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ် သီးတ(Tita)ကျေးရွာအနီး ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိထားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ တပ်မဟာ(၁)က သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ပွဲသည် ၂၀၂၃ခုနှစ်၊ ဇွန်လ( ၁ ) ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်းမှ MA 2  လက်နက်များ၊  ၆၀ မမ (၃)လုံး ၊ ၄၀ မမ(၄)လုံး ၊  လက်ပစ်ဗုံး (၁) လုံး ၊ ကျဥ်ဘောက် (၁၇) ခု ၊  ၅.၅၆ ကျည် (၃၀၀ )ခန့် ၊ မှန်ဘီလူး (၁) ခု  နှင့် အခြားအသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ (၂၉)ရက်နေ့ကလည်း သီးတ(Tita)ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကျေးရွာတွင်းမှ လူနေအိမ်နှင့်ပြည်သူပိုင် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။



ယနေ့ ဇွန်လ(၁)ရက်နေ့အထိ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အများအပြားသေကာ မှတ်တမ်း ဓာတ်ပုံများဖြင့် ဒေသကာကွယ်ရေးတပ်များဘက်က ဖော်ပြထားသော်လည်း မည်မျှသေဆုံးသည်ကိုမူ အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီဘက်က ချင်းအမျိုးသားတပ်ဦး(CNF)၏ ဗစ်တိုးရီးယားစခန်းကို လေကြောင်း၊ ကြည်းကြောင်းတို့ဖြင့် အင်အားအလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။