တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်အတွင်း စာသင်ကျောင်း(၁၄၀)ကျော်ရှိသော်လည်း (၁၉)ကျောင်းသာ ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်

တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်အတွင်း စာသင်ကျောင်း(၁၄၀)ကျော်ရှိသော်လည်း (၁၉)ကျောင်းသာ ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အစိုးရစာသင်ကျောင်း (၁၉)ကျောင်းသာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

"ကျွန်တော်တိုဌာနကတော့ ဖွင့်ဆို ဖွင့်ရတယ်။ ပိတ်ဆိုလည်း ပိတ်ရမှာဘဲ။ ဒေသဦးစီးကလည်း အကုန်ညှိနှိုင်ဆွေးနွေးထားတယ်လေ။ ပုံမှန်လိုဘဲ ကျောင်ပြန်ဖွင့်မယ်။ ကျောင်းဆရာ ဆရာမတွေလည်း စာသင်ဖို့အဆင်သင့်ဖြစ်နေကြပြီ"ဟု နမ့်ဆန်မြို့နယ်  လက်ထောက်ပညာရေးမှူး ဦးထွန်းရင်က ပြောသည်။

မေလ (၂၈)ရက်က နမ့်ဆန်ပညာရေးဝန်ကြီးဌာနနှင့် ဒေသဦးစီးများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသဦးစီးဥက္ကဌ၏ ညှိနှိုင်းညွှန်ကြားချက်ရရှိပြီး ၂၀၂၃ခုနှစ် မေလ (၂၉) ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံခဲ့သည်ဟုသိရသည်။

စာသင်ကျောင်းဖွင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်နေရသည်များရှိသော်လည်း ဒေသဦးစီး၏ ညွှန်ကြားမှုကြောင့် လက်ရှိမှာ ၇၅ ရာခိုင်နှုန်းခန့် အလုပ် လုပ်နေကြသည်ဟု ဆိုသည်။ 

"အခုလို ကျောင်းဖွင့်တော့ တချို့ကျောင်းသားမိဘတွေက ပျော်နေကြတယ်ပေါ့။ တချို့ မရှိဆင်းရဲတဲ့ကလေးတွေဆို ဘယ်မှာ ဘယ်လိုကျောင်းထားရမလဲပေါ့။ အဲလိုဝမ်းသားတဲ့စကားတွေကြားနေရတယ်"ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က နမ့်ဆန်မြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်း (၁၄၁)ကျောင်း ရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ်နှင့်  ၂၀၂၃ ခုနှစ်များတွင် အခြေခံပညာစာသင်ကျောင်း (၁၉)ကျောင်းသာ ဖွင့်လှစ်နိုင်သည်။

"ကောင်းပါတယ်။ အခုလိုကျောင်းဖွင့်တာ။ ကလေးတွေအတွက်မနစ်နာတော့ဘူးလေ။ နိုင်ငံရေးရှုတ်နေတာက တစ်ပိုင်းပေါ့။ ဒါပေမယ့် ပညာသင်ကလေးတွေနဲ့တော့မဆိုင်ဘူး" ဟု နမ့်ဆန်မြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

နမ့်ဆန်မြို့ထဲက စာသင်ကျောင်း (၈)ခုအပြင် နမ့်ခေး၊ပန်လော၊ဇယန်း(မြောက်)၊ဇယန်းကြီး ညောင်ပင်သာ၊ဘုရားကြီး၊မန်ပန်၊ဘန်ကောက်၊ဇယ်တုန်ဟုန်း၊ငွန်ဆိုင်း၊လွယ်ခမ်း စသည့် ကျေးရွာများတွင်လည်း စာသင်ကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

​၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက တအာင်းတပ်မတော် TNLA ကလည်း တအာင်းဒေသအတွင်းရှိ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများကို သတ်မှတ်ကာလ  (၆)လအတွင်း ( သြဂုတ်လကုန်အထိ)CDM လုပ်ရန် တိုက်တွန်း ထုတ်ပြန်စာတစ်စောင်ထုတ်ထားသေးသည်။