ပူတင်ဆန့်ကျင်ရေး ရုရှားလက်နက်ကိုင်အဖွဲ့က ရုရှားပိုင်နက်အတွင်း နောက်ထပ် ကျူးကျော်တိုက်ခိုက်မည်ဟု သတိပေး

ပူတင်ဆန့်ကျင်ရေး ရုရှားလက်နက်ကိုင်အဖွဲ့က ရုရှားပိုင်နက်အတွင်း နောက်ထပ် ကျူးကျော်တိုက်ခိုက်မည်ဟု သတိပေး
By Mr John

ဗလာဒီမာပူတင်ကို ဆန့်ကျင်သည့် ရုရှားလက်နက်ကိုင်အဖွဲ့ (၂) ဖွဲ့က ရုရှားနယ်စပ်ဒေသတစ်ခုကို ယခု သီတင်းပတ်အတွင်း နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်ခဲ့သည့်အပြင် မကြာမီ နောက်ထပ် ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်မည်ဟုလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တပ်မှူးက ၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် ပြောဆိုလိုက်သည်။

ပူတင်ဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့ Russian Volunteer Corp (RVC) ၏ တပ်မှူးဖြစ်သူ Denis Kapustin က ရုရှားနယ်စပ် ယူကရိန်းဘက်အခြမ်းတွင် သတင်းထောက်များကို ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနှင့် နယ်စပ်အနီး Belgorod ဒေသကို စီးနင်းတိုက်ခိုက်မှုအား တွန်းလှန်ခဲ့ကြောင်း ရုရှားဘက်က ပြောခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် RVC တပ်မှူး Denis က သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

ရုရှားနယ်စပ် Belgorod ဒေသ တိုက်ခိုက်မှုကို ရုရှားနိုင်ငံသားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်မှာ ရုရှားပြည်တွင်းပဋိပက္ခဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောသည်။ 

Belgorod တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းတွင် လှုပ်ရှားနေသည့် RVC နှင့် Freedom of Russia Legion အဖွဲ့တို့က ထုတ်ဖော်ပြောထားသည်။

သံချပ်ကာယာဥ်များ အသုံးပြု၍ ကျူးကျော်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်များကို ချေမှုန်းခဲ့ကြောင်းနှင့် ယူကရိန်းဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း ရုရှားစစ်တပ်က ထုတ်ပြန်ခဲ့သည်။ 

ယူကရိန်းအမျိုးသားရေးဝါဒီ (၇၀) ကျော်ကို သုတ်သင်ခဲ့သည်ဟုလည်း ရုရှားဘက်က ဆိုသည်။ 

RVC တပ်မှူး Kapustin ကမူ ၎င်း၏ တိုက်ခိုက်ရေးသမားများ ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်းနှင့် ထိုစစ်ဆင်ရေးအတွက် RVC နှင့် Freedom of Russia Legion အဖွဲ့တို့ဘက်မှ ဆုံးရှုံးမှုမှာ (၂) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ရုရှား သံချပ်ကာယာဥ်တစ်စီးနှင့် ဒရုန်းဖျက်သေနတ်တစ်လက်ကို သိမ်းယူနိုင်ခဲ့ကြောင်းလည်း Kapustin က ဆိုသည်။ 

RVC အဖွဲ့ကို ယူကရိန်းအတွက် တိုက်ခိုက်နေသည့် ရုရှားနိုင်ငံသားများဖြင့် ဖွဲ့စည်းထားပြီး ရုရှားသမ္မတပူတင်ကို ဆန့်ကျင်ကြောင်း ထိုအဖွဲ့က ပြောသည်။ 

"ကျွန်တော်တို့ရဲ့ အနာဂတ် အစီအစဥ်တွေက ရုရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေအသစ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ သေချာပေါက် ဝင်ရောက်မှာပါ။ နည်းနည်းလေး သည်းခံပြီး ရက်အနည်းငယ်ပဲ စောင့်ပါ" ဟု Kapustin က ပြောခဲ့သည်။



Source: Reuters