ဘေဂျင်းရဲ့ပညာခန်းတွေကို ဆက်စောင့်ကြည့်ရပါဦးမယ်

ဆောင်းပါးရှင် - ထိန်ဦးတင်
ဆောင်းပါးရှင် - ထိန်ဦးတင်
ဘေဂျင်းရဲ့ပညာခန်းတွေကို ဆက်စောင့်ကြည့်ရပါဦးမယ်
By ထိန်ဦးတင်

အာဖဂန်နစ္စတန်မှာရော..

အာဖဂန်နစ္စတန်နဲ့ ပတ်သက်လို့ရော..

ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ အားလုံးအသိပါ။

ပုံမှန်ဖွင့်၊ လုပ်ငန်းလည်ပတ်ဆဲနိုင်ငံခြားသံရုံးဆိုလို့ တရုတ်နဲ့ရုရှားသံရုံးတွေပဲ ရှိနေပါတယ်။ တာလီဘန်ကဖွဲ့မယ့် အစိုးရကိုအသိအမှတ်ပြုဖို့ မော်စကိုက တွေဝေနေပေမယ့် တရုတ်ကတော့ အာဖဂန်ကို ဆက်ပြီး ကူညီပံ့ပိုးမယ်လို့ တရားဝင်ပြောပါပြီ။ ဒါပေမယ့် တာလီဘန်က ဖွဲ့စည်းမယ့်အစိုးရကို အသိအမှတ်ပြုဖို့ကတော့စောင့်ကြည့်ရဦးမယ်လို့ ပြောတယ်။ ဆိုရရင်တော့... တရုတ်နဲ့ရုရှားဟာ အာဖဂန်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့အနောက်အုပ်စု 'ပြာ' သွားကြရတာကို သဘောကျပေမယ့် အစားမတော်ရင်တစ်လုပ်တည်းနဲ့ 'နင်' သွားနိုင်လို့ပါပဲ။ 



အာဖဂန်ကိစ္စမှာ အမေရိကန်ကို 'ဂွမ်း' သွားတယ်လို့ ပြောကြဆိုကြရေးကြလုပ်နေကြပေမယ့် တရုတ်နဲ့ရုရှားကို (အထူးသဖြင့် တရုတ်ကို) တကယ့် ပါဝါဂိမ်းတစ်ခု ပေးကစားလိုက်တာလို့မြင်ပါတယ်။ (ကျနော့်အမြင်ပါ။)။ ဘာကြောင့်လဲ... ဘာကြောင့်ဒီလိုမြင်မိရတာလဲ။



(၁) အမေရိကန်နဲ့ NATO တပ်ဖွဲ့တွေရုပ်သိမ်းတော့မယ်ဆိုကတည်းက တရုတ်ဟာ အာဖဂန်အစိုးရနဲ့ ဘက်စုံဆက်ဆံရေးကိုသိသိသာသာမြှင့်တင်ခဲ့တယ်။ 

(၂) အာဖဂန်အစိုးရလည်းပြိုပြေးရော တရုတ်နဲ့တာလီဘန်အုပ်စုဟာ အပြန်အလှန်ချစ်ကြည်စွာဆက်ဆံသွားကြမယ်လို့ လူသိရှင်ကြားထုတ်ပြန်ကြတယ်။ ကဘူးလ်မြို့မှာရှိတဲ့တရုတ်သံရုံးလုံခြုံရေးကိုတာလီဘန်ဘက်ကအာမခံထားတယ်။

(၃) ‌အဲဒါတွေကြောင့် တရုတ်ကအာဖဂန်နစ္စတန်ကိုဘယ်လိုသဘောထားသလဲ၊ ဘာဆက်လုပ်မှာလဲလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ပထမဆုံးကိစ္စကတော့စီးပွားရေးပါပဲ။ ဘာစီးပွားရေးလဲဆိုတော့ ဓါတ်သတ္တုထုတ်လုပ်ရေးပါ။

(၄) အာဖဂန်နစွတန်‌မြေအောက်မှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃ ထရီယံအထိတန်ဖိုးရှိတဲ့ ကြေးနီ၊ သံ၊ ရွှေ၊ ငွေ၊ ပလက်တီနံ၊ ခရိုမိုက်၊ လီသီယမ်၊ ယူရေနီယံ၊ အလျူမီနီယံ၊ ရုပ်ကြွင်းလောင်စာအပါအဝင် ဓါတ်သတ္တုတွေကိန်းအောင်းနေဆဲလို့ ခန့်မှန်းထားကြတယ်။ အင်မတန်ကြီးမားတဲ့အခွင့်အလမ်းတစ်ရပ်ပေါ့။ အဲဒီတန်ဖိုးပမာဏဟာ အာဖဂန်ဧရိယာရဲ့ ၃၀% မှာပဲကိန်းအောင်းတည်ရှိနေသေးတာပါ။ ကျန်တဲ့ ၇၀% ကိုသေချာမစူးစမ်းရသေးဘူး။ ကဘူးလ်မြို့အနောက်ဘက်မှာရှိတဲ့ Hajigak သံရိုင်းတွင်းတစ်ခုတည်းကနေတင် သံရိုင်းတန်ချိန် သန်း ၂၀၀၀ ထုတ်ယူရရှိနိုင်ပါမယ်။ Balkhab ကြေးနီတွင်းမှာ တန်ချိန် ၄၅ သန်းထက်မနည်းရှိနေတယ်။ စသည်ဖြင့်။ ဆိုတော့...

(၅) တရုတ်ဓါတ်သတ္တုကုမ္ပဏီတွေဟာ ၂၀၀၆/၇ ဝန်းကျင်ကတည်းက အာဖဂန်မှာ လာရောက်ရင်းနှီးမြှုပ်နံအလုပ်လုပ်နေခဲ့ကြတာ။ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မတည်ငြိမ်မှု၊ မလုံခြုံမှုတွေကြောင့် လုပ်ငန်းတွေယာယီပိတ်ထားခဲ့ရတဲ့ ကုမ္ပဏီတွေဟာ ဩဂုတ် ၁၇ မှာ တွင်းတွေပြန်ဖွင့်ချင်ကြောင်း၊ တရုတ်-အာဖဂန်နှစ်နိုင်ငံလုံးအတွက် အကျိုးရှိပါမည့်အကြောင်း အသံကျယ်ကျယ်ပြုကြတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး Aynak ကြေးနီတွင်းထုတ်လုပ်မှုဆိုရင် ၂၀၁၇ ကတည်းစတင်ခဲ့တာ။ ကြေးနီမက်ထရစ်တန်ချိန် သန်း ၄၅၀ လောက်ရမယ့်၊ဒေါ်လာ ၅၀ ဘီလီယံကျော်ရမယ့် လည်ပတ်စီမံကိန်းဆိုတော့ Metallurgical Corporation of China နဲ့ China MinMetals Corp. တို့ရဲ့ဝေဒနာကိုတွက်သာကြည့်ကြပါကုန်။

(၆) အာဖဂန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ နှစ်စဉ်လိုလိုပြောပလောက်အောင်ဘာမှရရှိတာမဟုတ်။ ဘိန်းစိုက်ပျိုးရေးမှာသွားပြီးရင်းချင်လို့လည်းမဖြစ်။ တရားဝင်အမြတ်ကြမ်းကြမ်းရချင်ရင် ဓါတ်သတ္တုရှာဖွေထုတ်လုပ်ဖို့ပဲရှိတယ်။ လက်ရှိကာလတွေအထိပေါ့။ သယံဇာတကျိန်စာလည်းအရမ်းသင့်မနေပါ။ တာလီဘန်တွေက အဲဒါမျိုးတွေလည်းသိပ်စိတ်မဝင်စားတော့ စိတ်ဝင်စားကြသူတွေက ဆက်ဆံရေးလမ်းဆက်ဖွင့်သွားမှာပါ။ ထူးပေမယ့်မဆန်းလှ။

(၇) အာဖဂန်နစ္စတန်ဟာတရုတ်ရဲ့ Belt and Road Initiative မြင်ကွင်းကျယ်ဇာတ်ညွှန်းထဲမှာလည်း ပါဝင်နေတယ်။ တရုတ်ဟာ အာဖဂန်မြောက်ပိုင်းကိုဖြတ်သွားစေမယ့် ပို့ဆောင်ရေးအခြေခံအဆောက်အဦတွေတည်ဆောက်ပြီး ဗဟိုအာရှနိုင်ငံတွေနဲ့ချိတ်ဆက်ဖို့အစီအစဉ်ရှိထားပြီးသား။ ပါကစ္စတန် ဆိပ်ကမ်းမြိုကြီးတွေကိုလည်း ဖြတ်ကျော်ချိတ်ဆက်ထားဖို့ဆက်လုပ်နေတယ်။ အဲဒီအချက်ကလည်း အာဖဂန်ဆိုင်ရာတရုတ်သံရုံးဆက်လည်ပတ်နေတဲ့အကြောင်းရင်းခံတစ်ရပ်ပါပဲ။ 

(၈) ရေးရရင်.. တရုတ်ဟာ အာဖဂန်ရဲ့နိုင်ငံရေးကိုဖြစ်စေ၊ အုပ်ချုပ်ရေးကိုဖြစ်စေ၊ State Building လုပ်ငန်းစဉ်ကိုဖြစ်စေ အဲဒါတွေဘယ်လိုပင်ရှိစေ စိတ်မဝင်စားဘူး။ တာလီဘန်တွေကသာ ရှန်းကျန့်ပြည်နယ်က အူဂါစစ်သွေးကြွတွေနဲ့ မပတ်သက်ရင် ဒါမှမဟုတ် အူဂါတွေကိုခိုလှုံခွင့်မပေးရင် We are Friends လို့ပြောမှာပါ။ ပြီးတော့ တာလီဘန်တွေက အရင်လိုအကြမ်းဖက်ဝါဒကိုပဲ ဆက်ကိုင်စွဲထားရင်တော့ တစ်မျိုးပြန်စဉ်းစားပါလိမ့်မယ်။ အာဖဂန်မြောက်ပိုင်းဒေသတွေမှာ ရေနံရှာဖွေထုတ်လုပ်ရေးရင်းနှီးမြှုပ်နှံထားပြီးသားတွေလည်းရှိတော့ ဘေဂျင်းရဲ့ပညာခန်းတွေကိုဆက်စောင့်ကြည့်ရပါဦးမယ်။ ဒါပေမယ့်....

(၉) နိုင်ငံတကာအကူအညီတွေ အထူးသဖြင့် အနောက်အုပ်စုရဲ့အကူအညီတွေကို အဓိကထားပြီးလည်ပတ်နေရတဲ့ အာဖဂန်လူ့အဖွဲ့အစည်းဟာ တာလီဘန်တွေကြောင့် ပံ့ပိုးမှုတွေဆက်မရတော့ရင် အဲဒီလေဟာနယ်ကိုဝင်ယူနိုင်တဲ့ အစွမ်းအစ တရုတ်မှာရှိပါ့မလား။ အခုကိုဘဲ ဂျာမနီက အာဖဂန်ကိုနှစ်စဉ် ယူရိုသန်း ၄၃၀ ပံ့ပိုးပေးနေတဲ့အစီအစဉ်ကိုတရားဝင်ရပ်ဆိုင်းလိုက်ပြီ။ ကျန်တဲ့အလှူရှင်နိုင်ငံတွေကလည်း ဆက်ကြေညာကြဖွယ်ရှိတယ်။ အမေရိကန်က အာဖဂန်ရဲ့ ဒေါ်လာ ၉.၆ ဘီလီယံနီးပါးရှိတဲ့ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ထားလိုက်ပြီ။ ဘေဂျင်း ဘာဆက်လုပ်မှာပါလိမ့်။ ပြီးတော့ ဆီးရီးယားက လေယာဉ်ပစ်လက်နက်တွေပါကိုင်ထားတဲ့ အကြီးဆုံးအကြမ်းဖက်အဖွဲ့အစည်း Hayat Tahir al-Sham ကလည်း တာလီဘန်တွေကိုကြိုဆိုဂုဏ်ယူနေပြီ။ အခြား မိတ်ဖက်တွေကလည်းဂုဏ်ပြုနေကြတယ်။ အာဖဂန်ရဲ့အိမ်နီးချင်းဗဟိုအာရှနိုင်ငံတွေနဲ့ အကြမ်းဖက်မှုချေမှုန်းရေးပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့ ရုရှားလည်း ဘာဆက်ဖြစ်လာမလဲလို့ ပြန်ချိန်ဆနေရ။



(၁၀) အထက်ဆိုခဲ့ပါအကြောင်းရင်းခံတွေကြောင့် အာဖဂန်နစ္စတန်ရဲ့အပြောင်းအလဲဟာ တရုတ်ရဲ့အနေအထားကို စာမေးပွဲစစ်ပေးနေတာလို့လည်းထင်မြင်ယူဆတာပါ။ အာဖဂန်နစ္စတန်မှာ တရုတ်ဩဇာပဲကြီးလေမလား၊ တစ်ကောင်စားရပြီးနှစ်ကောင်ပြန်ကျွေးလိုက်ရလေမလား။ အမေရိကန်နဲ့ NATO ကအကုန်အကျတွေခံနေချိန်မှာ အသာလျှောဝင်ပြီး ရင်းနှီးရှာဖွေထားတာတွေကို ဘယ်လိုပြန်ဆယ်မလဲ။ ယဉ်ကျေးမှုအစဉ်အလာမတူလွန်းတဲ့နေရာမှာ စီးပွားရေးကို Cover Story မဖြစ်စေဘဲ ဘယ်လိုခရီးဆက်နိုင်မလဲ။ တရုတ်ဟာ Scale full စစ်ပွဲတွေလည်း လက်တွေ့မျက်တွေ့မတိုက်ခဲ့ဘူးပါ။ သူတို့အတွက် တကယ့်လက်ရည်စစ်ပွဲ၊ ဉာဏ်ရည်စစ်ပွဲ၊ စေတနာလွန်ဆွဲပွဲက အခုမှစတာလို့ ဆိုချင်ပါတယ်။ စောင့်ကြည့်ကြတာပေါ့ဗျာ။

ကျနော်တို့ရဲ့ အိမ်နီးချင်းပေကိုး။

 ထိန်ဦးတင်