လားရှိုးမြို့တွင် တရုတ်စကားပြောသည့် သေနတ်ကိုင် လူတစ်စုက နေ့ခင်းပိုင်းအချိန်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ ဓါးပြတိုက်သွား 

လားရှိုးမြို့တွင် တရုတ်စကားပြောသည့် သေနတ်ကိုင် လူတစ်စုက နေ့ခင်းပိုင်းအချိန်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ ဓါးပြတိုက်သွား 

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရပ်ကွက်(၁၁)တွင် တရုတ်စကားပြောသည့် အမျိုးသား(၄)ဦးမှ ကားအနက်ရောင်ဖြင့် ရောက်ရှိလာကာ နေအိမ်အတွင်း ဝင်ရောက်၍ ဓါးပြတိုက်သွားရာ ကျပ်သိန်း(၂၀၀)ကျော် ပါသွားကြောင်း သိရသည်။

 "သူတို့က ကားနဲ့လာတာ။ ဓားပြ လာတိုက်မှန်း မသိဘူး။ ဧည့်သည် ထင်နေတာ။ အိမ်ထဲမှာ ဝင်တာက (၄) ယောက်၊ ကားထဲမှာလည်း ရှိသေးတယ်။ အိမ်ထဲမှာက မိန်းကလေးတွေပဲ ရှိတယ်။ ကလေးတွေပဲလေ။ အိပ်ခန်းထဲမှာ အစ်မနဲ့ သူ့ရဲ့ကလေးကို သေနတ်နဲ့ ချိန်ထားတာ။ ကျွန်မကိုလည်း သေနတ်နဲ့ ချိန်ပြီးတော့ ထိုင်ခိုင်းထားတယ်။ အိမ်မှာ တန်ဖိုးရှိတဲ့ဟာတွေ အကုန်ယူသွားတယ်"ဟု ဓါးပြတိုက်ခံရသည့် အိမ်ရှင် အမျိုးသမီးက ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၃ခုနှစ် မေလ(၁၈)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်သူ အချင်းချင်း  တရုတ်စကားပြောနေကြကြောင်း သိရသည်။ 

"သူတို့ အချင်းချင်းတော့ တရုတ်စကားတွေ ပြောကြတယ်။ အစ်မရဲ့ သေတ္တာထဲမှာရှိတဲ့ ရွှေငွေတွေ အကုန်ယူသွားတယ်။ အဖေနဲ့အမေရဲ့ သေတ္တာထဲမှာရှိတဲ့ တရုတ်ငွေ (၃၀,၀၀၀)လည်း ယူသွားတယ်။ ကျွန်မဆီမှာ ဆိုင်ကယ်သော့ တောင်းပြီး ဆိုင်ကယ်လည်း ယူသွားတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ဓါးပြတိုက်ခံရမှုကြောင့် ဆိုင်ကယ် (၁)စီး၊ ဆွဲကြိုး (၂)ကုံး၊ လက်စွပ် ( ၂ )ကွင်း၊ ဖုန်း (၄)လုံးနှင့် တရုတ်ငွေ (၃၀,၀၀၀)(ကျပ် သိန်း ၁၂၀)ပါသွားပြီး ဓားပြတိုက်သူ အချင်းချင်းကြား တရုတ်စကားပြောကြပြီး တရုတ် ဖြစ်နိုင်သည်ဟု သူမက ဆက်ပြောသည်။



ဓားပြတိုက်သူများ ထွက်သွားပြီးနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက် စစ်ဆေးပြီး ပြန်ထွက်သွားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ အပါအဝင် ရှမ်းပြည်နယ်တစ်ခုလုံးတွင် ယခုလို နေ့ခင်း​ပိုင်းမှာတွင်  ခိုးမှု၊ လုယက်မှု မကြာခဏ ဖြစ်ပွားနေပြီး နေထိုင်ရတာ လုံခြုံမှု မရှိတော့ကြောင်း ဒေသခံများက ပြောသည်။