မျောက်ကျောက်ရောဂါကို  အရေးပေါ် အခြေအနေအဖြစ်ကနေ ရုပ်သိမ်းကြောင်း WHO ကြေညာ

မျောက်ကျောက်ရောဂါကို  အရေးပေါ် အခြေအနေအဖြစ်ကနေ ရုပ်သိမ်းကြောင်း WHO ကြေညာ
By Mr John

 

နိုင်ငံပေါင်း (၁၀၀) ကျော်တွင် ကူးစက်ဖြစ်ပွားမှုများရှိခဲ့သည့် မျောက်ကျောက်ရောဂါ Monkeypox (mpox) ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်နီးပါးကြာ သတ်မှတ်ထားမှု အဆုံးသတ်လိုက်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ၂၀၂၃ခုနှစ် မေလ (၁၁) ရက်နေ့တွင် ကြေညာသည်။

WHO က မျောက်ကျောက်ရောဂါကို နိုင်ငံတကာက စိုးရိမ်ရသည့် အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ 

မေလ (၁၀) ရက်နေ့တွင် အစည်းအဝေး ပြုလုပ်ခဲ့သည့် WHO ၏ အရေးပေါ်ဆိုင်ရာ ကော်မတီ၏ ထောက်ခံမှုအပေါ် အခြေခံ၍ မျောက်ကျောက်ရောဂါကို ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုအား အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း WHO အထွေထွေညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus က မေလ (၁၁) ရက်နေ့တွင် ကြေညာခဲ့သည်။

မျောက်ကျောက်ရောဂါမှာ ခန္ဓာကိုယ်တွင်း အရည်များနှင့် တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပြီး တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများနှင့်အတူ အရေပြားတွင် ပြည်တည်အနာစက်များ ဖြစ်ပေါ်လေ့ရှိကြောင်းနှင့် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ခဲ့ပြီဟု သိရသည်။ 

ပြီးခဲ့သည့် (၃) လအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ယခင်ကာလတူနှင့် နှိုင်းယှဥ်ပါက (၉၀) ရာခိုင်နှုန်း လျော့နည်းသွားကြောင်း WHO အကြီးအကဲက ပြောသည်။

ကမ္ဘာတဝန်းတွင် ၂၀၂၂ ခုနှစ် အစပိုင်းမှ ၂၀၂၃ ခုနှစ် မေလ (၈) ရက်နေ့အထိ မျောက်ကျောက်ရောဂါ ကူစက်ခံရသည့် အတည်ပြုလူနာ (၈၇,၀၀၀) ကျော် တွေ့ရှိခဲ့ကြောင်း WHO ၏ နောက်ဆုံး အစီရင်ခံစာအရ သိရှိရသည်။ 

မကြာသေးမီကလည်း WHO က COVID-19 ကပ်ရောဂါကို အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှု ရုပ်သိမ်းခဲ့သည်။

"mpox နဲ့ COVID-19 နှစ်ခုလုံးရဲ့ အရေးပေါ်အခြေအနေ ကျော်လွန်ပြီးဆုံးခဲ့ပြီဖြစ်ပေမဲ့ ဒီရောဂါ နှစ်ခုလုံးက ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနိုင်တဲ့ ခြိမ်းခြောက်မှု ရှိနေဆဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်နှစ်ခုလုံးက ဆက်လက် ပျံ့နှံ့နေပြီး သေဆုံးမှုတွေ ဆက်ရှိနေပါတယ်" ဟု Tedros က ပြောသည်။ 

WHO က အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ် ကြေညာခြင်းမှာ နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ဆေးနှင့် ကုသမှုများ မျှဝေရေးအတွက် ရန်ပုံငွေသုံးစွဲရန် ရည်ရွယ်ကြောင်း သိရသည်။

 

Source: Reuters