တရုတ်နှင့် ဦးပိုင်ကုမ္မဏီပိုင် ကြေးနီကုန်တင်ကားများအား လုံခြုံရေးယူပေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

တရုတ်နှင့် ဦးပိုင်ကုမ္မဏီပိုင် ကြေးနီကုန်တင်ကားများအား လုံခြုံရေးယူပေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် တရုတ်နှင့် ဦးပိုင်ကုမ္မဏီပိုင် ကြေးနီကုန်တင်ကားများအား လုံခြုံရေးယူပေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များ ၂၀၂၃ခုနှစ်၊ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့်  နိဗ္ဗူးတော၊ ကျောက်မှော်၊ ပတိမ်ပြင်၊ ကြက်လျှာ၊ ကျောက်ကုန်း၊ အင်းပါက်ရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကို မနက် ၁၀ နာရီလောက်မှာ နိဗ္ဗူးတောနဲ့ ကျော်မှော်အနီး ဖွံ့ဖြိုးရေးမြေနီလမ်းပေါ့၊ သူတို့က လမ်းရဲ့ ဘယ်၊ ယာခွဲပြီးတော့ စစ်ကြောင်းထိုးလာတာမှာ မိုင်းနှစ်လုံးဆွဲလိုက်တယ်။ အထိအခိုက်အကျအဆုံးတော့ မသိရသေးဘူး။ မိုင်းဆွဲပြီးတော့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာပေါ့နော်။

ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။



 ၎င်းစစ်ကောင်စီတပ်သည် မေလ ၁၀ ရက်နေ့က မုံရွာဘက်မှ အင်အား ၂၀၀ ဝန်းကျင်ပါ မော်တော် ၃ စီးဖြင့်ကူးလာကာ  တရုတ်နှင့် ဦးပိုင်ကုမ္မဏီပိုင် ကြေးနီတင်ကားများအား ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးမှ ဝမ်ပေါင်အထိ လုံခြုံရေးယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မေလ (၁၁)ရက်နေ့ နံနက် (၁) နာရီကျော်တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည်  ရွှေတောင်ဦးကုန်းအောက် သီတဂူဘုန်းကြီးကျောင်းမှတစ်ဆင့် အနောက်ဘန်ဘွေးဗျူဟာကိုထွက်လာကာ ယင်းမာပင်နယ် အရှေ့မြောက်ခြမ်းဘက်က နိဗ္ဗူးတောရွာ၏မြောက်ဘက် ကျောက်မှော်ရွာကြားရောက်ရှိလာရာမှ ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။