(၃)နှစ်ကျော် ပိတ်ထားသည့် မိုင်းယု - ကျိန်းယဲန်း တံတားအောက်ကနေ တရုတ်နိုင်ငံသားများကို လဝက နှင့် စရဖ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ငွေကြေးမြောက်အများ ရယူပြီး သွားလာခွင့်ပေးနေ

(၃)နှစ်ကျော် ပိတ်ထားသည့် မိုင်းယု - ကျိန်းယဲန်း တံတားအောက်ကနေ တရုတ်နိုင်ငံသားများကို လဝက နှင့် စရဖ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ငွေကြေးမြောက်အများ ရယူပြီး သွားလာခွင့်ပေးနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်ခရိုင်အတွင်း မိုင်းယုမြို့တွင် (၃)နှစ်ကျော် ပိတ်ထားသည့် မိုင်းယု - ကျိန်းယဲန်း တံတားမှ တစ်ဖက်အထူးဒေသ(၄) သို့  တံတားအောက်ကနေ ကားနှင့်လူများ ကူးသွားလာနေရာ ငွေကြေးများကို တောင်းသလောက်ပေးနေရသလို တရားမဝင် တရုတ်နိုင်ငံသားများကိုလည်း လဝကနှင့် စရဖ အပါအဝင် ပူးပေါင်းအဖွဲ့က ငွေကြေးအမြောက်အများရယူပြီး သွားလာခွင့်ပြုပေးနေလျှက်ရှိကြောင်း သိရသည်။

"တရားမဝင် တရုတ်နိုင်ငံသားတွေက ညဘက်မှ တံတားအောက်ကနေ ကူးတာ။ တရုတ်တစ်ယောက်ကို စုစုပေါင်း ကုန်ကျငွေက ယွမ်(၁၈,၀၀၀)လောက် ကုန်တယ်။ အဲ့နေရာမှာ တာဝန်ကျတဲ့ လဝက၊ စရဖ၊ နယ်ခြားစောင့်တပ်၊ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ထွေအုပ်တို့ကို ပေးရတာပေါ့။ အခုလို အောက်ခြေမှာ လုပ်နေတာတွေကို အသစ်ပြောင်းလာတဲ့ ဗိုလ်ချုပ် နီလင်းအောင် သိ မသိတော့မသိဘူး။ ဒေသခံတွေကတော့ နေ့စဉ်တွေ့နေရတယ်"ဟု  အမည်မဖော်ဝံ့သူ  တစ်ဦးက ပြောပြသည်။

၂၀၂၀ ခုနှစ် မတ်လ(၂၄)ရက်နေ့ကစပြီး COVID-19 ကြောင့်  မိုင်းယု - ကျိန်းယဲန်း တံတားအား ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့အထိ ပိတ်ထားဆဲဖြစ်ရာ တံတားပိတ်ထားသည့် ကာလအတွင်း အဆိုပါ တံတားအောက်ကနေ တရားမဝင် ငွေကြေးအများအပြား တောင်းခံပြီး သွားလာခွင့်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

တံတားအောက်ကနေ လူကူးလျှင် တရုတ်ငွေ ယွမ်(၁၀)၊ ဆိုင်ကယ်ကူးလျှင်(၅)ယွမ်၊ ကားလေးကူးလျှင် ယွမ်(၁၅၀)ပေးရသလို ကုန်စည်ပစ္စည်းများ သွားလာပါကလည်း တရားမဝင် သတ်မှတ်ကြေးများကို တောင်းသလောက်ပေးရကြောင်း သိရသည်။

လူကူးသန်းသွားလာရေး နှင့် ကုန်သွယ်ရေးအတွက် မိုင်းယု - ကျိန်းယဲန်း တံတားအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဆိုပါက တံတားတွင် တာဝန်ကျ ပူးပေါင်းအဖွဲ့များကို ပေးဆောင်ရသည့် တရားမဝင်ငွေကြေးများမှာ သက်သာသွားနိုင်မည်ဖြစ်သလို ရရှိသည့် ငွေကြေးမှာလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ရရှိနိုင်မည်ဖြစ်၍ အဆိုပါ တံတားအမြန်ဆုံး ပြန်လည်ဖွင့်လည်ရေးကို ဒေသခံများက လိုလားနေလျက်ရှိကြောင်း သိရသည်။



"ဒီတံတားကို ပိတ်ထားတာက တရားမဝင် ကုန်သွယ်ရေးနဲ့တရားမဝင် သွားလာမှုတွေကို မျက်လုံးစုံမှိတ်ပြီး ခွင့်ပြုပေးထားသလို ဖြစ်နေတယ်။ တံတားပုံမှန်ဖွင့်ရင် သွားရေးလာရေးက အစ ကျွန်တော်တို့တွေ ကုန်ကျသက်သာလာနိုင်မယ်။ အားလုံးအတွက်လည်း အဆင်ပြေလာမယ်။ အခုက အကျင့်ပျက် ချစားမှုတွေ အားကောင်းနေတယ်။ ဒီဒေသမှာက သိတဲ့အတိုင်းပဲဗျ ဝန်ကြီးချုပ်ထိ စာပို့ပြီး တိုင်လို့ရတယ်ဆိုရင်တောင် မတိုင်ရဲကြဘူး။"ဟု မိုင်းယု ဒေသခံ အိုက်ကျိုင်းက Tachileik News Agency သို့ ပြောသည်။

မိုင်းယု - ကျိန်းယဲန်း တံတားပေါ် တရားဝင် သွားလာမှုကို ပိတ်ပင်ထားသော်လည်း တံတားအောက်ကနေ စက်​လှေဇက်နှင့် တရားမဝင်  ​ဖောင်တံတား​များဖြင့် သွားလာခွင့်ပေးပြီး  ပူးပေါင်းအဖွဲ့က ငွေကြေးကောက်ခံမှုကို ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့အထိ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

 

ဆက်စပ်သတင်း

အထူးဒေသ(၄)သို့ ကုန်စည်ပို့ဆောင်ခွင့် ရရေးအတွက် မိုင်းယု - ကျိန်းယဲန်း တံတားအောက်ကနေ သွားနေရပြီး ဒေသရှိ စစ်ဘက်နှင့် ဌာနဆိုင်ရာများကို တရားမဝင် ငွေကြေးပေးနေရ