အိန္ဒိယတွင် COVID ကူးစက်မှုများ ပြန်လည် မြင့်တက်လာရာ စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်ရန် ပြည်နယ်အစိုးရများကို ညွှန်ကြားထား

အိန္ဒိယတွင် COVID ကူးစက်မှုများ ပြန်လည် မြင့်တက်လာရာ စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်ရန် ပြည်နယ်အစိုးရများကို ညွှန်ကြားထား
By Mr John

အိန္ဒိယနိုင်ငံတွင် နေ့အလိုက် COVID-19 ကူးစက်မှု စံချိန်တင် ပြန်လည် မြင့်တက်လာခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရက ပြည်နယ်များတွင် အရေးပေါ် စစ်ဆေးရေးနေရာများ စီစဥ်ပြီး COVID စစ်ဆေးမှု အရှိန်မြှင့်လုပ်ဆောင်ရန် ပြည်နယ်အစိုးရများကို ညွှန်ကြားထားသည်။ 

အိန္ဒိယတွင် နေ့အလိုက် COIVD-19 ကူးစက်မှုများမှာ ၂၀၂၃ ခုနှစ် မတ်လကုန်၌ (၂,၀၀၀) ဝန်းကျင်ရှိခဲ့ရာမှ ဧပြီလ (၇) ရက် ထုတ်ပြန်ချက်တွင် (၃) ဆနီးပါး တိုးလာသည်ကို တွေ့ရသည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် ဧပြီလ (၇) ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် (၂၄) နာရီအတွင်း နိုင်ငံတဝန်း COVID-19 ကူးစက်မှု (၆,၀၅၀) တွေ့ရှိရပြီး ၂၀၂၂ ခုနှစ်တွင် ကူးစက်မှုနှုန်း ကျဆင်းသွားပြီးနောက် သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယကျန်းမာရေးဝန်ကြီး Mansukh Mandaviya က ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူများကို COVID-19 စစ်ဆေးမှု အရှိန်မြှင့်ရန်နှင့် ဆေးရုံများတွင် ကုသမှုအတွက် လေ့ကျင့်ပြင်ဆင်ကြရန် ညွှန်ကြားထားကြောင်း အစိုးရထုတ်ပြန်ချက်တစ်ရပ်တွင် ပြောထားသည်။ 



ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က စောင့်ကြည့်ရမည့် ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားသော XBB.1.16 ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းမှာ ဖေဖေါ်ဝါရီလတွင် (၂၁.၆) ရာခိုင်နှုန်းမှ မတ်လတွင် (၃၅.၈) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 

အိန္ဒိယတွင် COVID-19 လူနာ (၂၈,၃၀၀) ဦးရှိပြီး ပြီးခဲ့သည့် (၂၄) နာရီအတွင်း (၁၄) ဦး သေဆုံးခဲ့ကြောင်းနှင့် ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း (၅၃၀,၉၄၃) ဦးရှိလာခဲ့ကြောင်း သိရသည်။ 

လွန်ခဲ့သည့် (၃) နှစ်က COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံတွင် ကူးစက်ခံရသူ (၄၄.၇) သန်းကျော်ရှိခဲ့ပြီး အမေရိကန်နှင့် တရုတ်ပြီးလျှင် တတိယမြောက် ကူးစက်မှုအများဆုံးနိုင်ငံလည်း ဖြစ်သည်။

 Source: Reuters