ရှမ်းပြည်မြောက်ပိုင်းအတွင်း မြို့နယ် (၅)မြို့နယ်တွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၅၂)ဦးတွေ့

ရှမ်းပြည်မြောက်ပိုင်းအတွင်း မြို့နယ် (၅)မြို့နယ်တွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၅၂)ဦးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ သီပေါ၊ နမ့်လန်၊ ကျောက်မဲနှင့် နောင်ချိုမြို့များတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ တနေ့အတွင်း COVID 19 ပိုးတွေ့ရှိသူ (၅၂)  ဦးတိုးလာပြီး ကျောက်မဲမြို့တွင် အတည်ပြုလူနာ (၂) ဦးကို စတွေ့ရခြင်းဖြစ်သည်။

ကျောက်မဲမြို့တွင် ယနေ့တွေ့ရသည့် အတည်ပြုလူနာ (၂) ဦးမှာ ဇွန်လ (၂၀)ရက်နေ့က ညမထွက်ရအမိန့်ချိုးဖေါက်သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်မှုအတွင်း သေနတ်ဒဏ်ရာရသွားသဖြင့် ဆေးကုသမှုခံယူရန်  သွားသူ (၂) ဦးကို ထောင်ဒဏ်တစ်လစီချမှတ်ကာ သီပေါထောင်ပို့ရန် COVID 19 စစ်ဆေးရာမှ အတည်ပြုလူနာဖြစ်သည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အတည်ပြုလူနာတွေ့ရှိမှု အများဆုံးဖြစ်သည့် လားရှိုးမြို့တွင် ယနေ့ အတည်ပြုလူနာ (၂၄) ဦးထပ်တိုးကာ စုစုပေါင်း (၁၇၄)ဦးအထိ ရှိလာပြီဖြစ်ပြီး လားရှိုးဆေးရုံသို့ သိန်းနီဆေးရုံမှ လွှဲလာသည့် လူနာတစ်ဦးတွင် COVID 19 တွေ့ရသဖြင့် ယနေ့တွင် သိန်းနီဆေးရုံကို အသွားအလာကန့်သတ်ထားရသည်။

ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် နောင်ချိုမှ (၂၂) ဦးပါဝင်သဖြင့် စုစုပေါင်း အတည်ပြုလူနာ (၂၉)ဦးရှိလာပြီး သီပေါတွင် (၅) ဦးထပ်တိုး၍ စုစုပေါင်းအတည်ပြုလူနာ (၆)ဦးရှိလာပြီဖြစ်သည်။

ယင်းအပြင် နမ့်လန်မှ အတည်ပြုလူနာ (၄) ဦးထပ်တိုးတွေ့ရသဖြင့် စုစုပေါင်းအတည်ပြုလူနာ (၁၂)ဦးရှိလာပြီး နမ္မတူတွင် ယနေ့လူနာထပ်မတိုးသော်လည်း ယခင်နေ့ကတွေ့ထားသည့် အတည်ပြုလူနာ (၃)ဦးရှိနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ဇွန်လ (၇) ရက်နေ့မှ ဇွန်လ (၂၂) ရက်နေ့ ညနေအထိ အတည်ပြုလူနာ စုစုပေါင်း (၂၃၁)ဦးရှိနေပြီး ယင်းတို့ထဲတွင် ကျောင်းဆရာမ (၃)ဦးနှင့် ကလေးငယ် (၂) ဦးလည်းပါဝင်သည်။