တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတား ယခုလအတွင်း ပြန်လည် ဖွင့်လှစ်ရန်အတွက် နှစ်ဖက် တာဝန်ရှိသူများ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် တာချီလိတ်၌ တွေ့ဆုံဆွေးနွေးမည်

တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတား ယခုလအတွင်း ပြန်လည် ဖွင့်လှစ်ရန်အတွက် နှစ်ဖက် တာဝန်ရှိသူများ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် တာချီလိတ်၌ တွေ့ဆုံဆွေးနွေးမည်
ဖေဖော်ဝါရီ 15, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသအတွင်း Covid-19 စတင်ပျံ့ပွားသည့် ၂၀၂၀ခုနှစ်ကစပြီး ယနေ့အထိ ပိတ်ထားရသည့် တာချီလိတ်နှင့်မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ရန်အတွက် ချင်းရိုင်းခရိုင် နှင့် တာချီလိတ်ခရိုင် တာဝန်ရှိသူများ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် တာချီလိတ်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှ တာချီလိတ်ခရိုင်/မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဘက်က ချင်းရိုင်းခရိုင်နှင့်မယ်ဆိုင်မြို့နယ်အဆင့်ရှိ တာဝန်ရှိသူတို့သည် တာချီလိတ်မြို့ရှိ 1G1 11Hotel တွင် ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ(၁၆)ရက်နေ့၏ နေ့လည်(၁)နာရီကျော်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။



တာချီလိတ်နှင့်မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိထားပြီဖြစ်၍ နှစ်ဖက်သတ်မှတ်ချက်များ ဆွေးနွေးညှိနှိုင်းနိုင်ရန် ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီလ၏ တတိယပတ်အတွင်း၌ ဖွင့်လှစ်မည်ဟု ဌာနဆိုင်ရာများအကြား သတင်းများထွက်ပေါ်နေလျှက်ရှိသည်။