တာချီလိတ်မြို့နယ်တွင်းမှ ကျန်းမာရေးဝန်ထမ်း (၃၀၀)ကျော်ကို နေရာ(၃)နေရာတွင် Covid-19 ကာကွယ်ဆေး ထိုးပေးသွားမည်

တာချီလိတ်မြို့နယ်တွင်းမှ ကျန်းမာရေးဝန်ထမ်း (၃၀၀)ကျော်ကို နေရာ(၃)နေရာတွင် Covid-19 ကာကွယ်ဆေး ထိုးပေးသွားမည်
ဇန်နဝါရီ 24, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ကျန်းမာရေးဝန်ထမ်း (၃၀၀) ကျော်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌ COVID  19 ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် နေရာ (၃)နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူစုသွားမှာစိုးလို့ နေရာ (၃)နေရာခွဲပြီး ထိုးမယ်။ ဆေးရုံအဟောင်းမှာ (၁)နေရာထိုးမယ်။ ဆေးရုံအသစ်မှာလည်း (၂)နေရာခွဲထိုးမယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၄)ရက်နေ့၌ ပြောသည်။



တာချီလိတ်မြို့နယ်အတွင်းမှ ကျန်းမာရေးဝန်ထမ်း  (၃၃၇)ဦးနှင့် FDA ဝန်ထမ်း၊ အား/ကာဝန်ထမ်းနှင့် တိုင်းရင်းဆေးဝန်ထမ်းတို့ကိုပါ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။



COVID 19 ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံပေးမည့် COVISHIELD မှာ ပထမအကြိမ်ထိုးနှံပြီး (၂၈) ရက်အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရမည်ဖြစ်သည်။



COVISHIELD COVID 19 ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲကို အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် လက်ဆောင်အဖြစ် ဇန်နဝါရီလ (၂၂) ရက်နေ့က ပို့ဆောင်ပေးထားခြင်းဖြစ်သည်။



အိန္ဒိယနိုင်ငံက လက်ဆောင်အဖြစ်ပေးထားသည့် ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်ကို မြန်မာနိုင်ငံတွင် စတင်လိုက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက လူဦးရေ (၅) သန်းစာအတွက် ဝယ်ယူထားသည့် အိန္ဒိယနိုင်ငံမှ COVID 19 ကာကွယ်ဆေးများ ရောက်ရှိလာပါက ဦးစားပေး အစီအစဉ် အဆင့်ဆင့်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။