KNU ၏ တပ်မဟာ(၃)နယ်မြေတွင် (၁၅)ရက်အတွင်း တိုက်ပွဲပေါင်း (၅၅)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံး

Photo: KNU
Photo: KNU
KNU ၏ တပ်မဟာ(၃)နယ်မြေတွင် (၁၅)ရက်အတွင်း တိုက်ပွဲပေါင်း (၅၅)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံး
ဇန်နဝါရီ 20, 2023 | 2021 Military Coup| အခြားဒေသများ

 ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ (၃)နယ်မြေတွင် (၁၅)ရက်အတွင်း တိုက်ပွဲပေါင်း (၅၅)ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး (၁)ဦး အပါအဝင် (၄၇) ဦးခန့် သေဆုံးကြောင်း KNU ဗဟိုက ဇန်နဝါရီလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

KNU တပ်မဟာ (၃)နယ်မြေအတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့အကြား မြေပြင်တိုက်ပွဲပေါင်း (၅၅)ကြိမ်ဖြစ်ပွားခဲ့ပြီး Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း (၁၄)ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတို က်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူး(၁) ဦး အပါအဝင် (၄၇)ဦးခန့် သေဆုံးခဲ့ပြီး (၁၉)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အတည်မပြုနိုင်သော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေးသည်ဟု ထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်ဘက်မှ ရဲဘော် (၂)ဦးကျဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီယာဉ် (၂၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

၁၅ ရရက်အတွင်း စစ်ကောင်စီတပ်များမှ ဒေသခံများ၏ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ကျောက်ကြီးမြို့နယ် နှင့် မုန်းမြို့နယ်အတွင်းမှ ဒေသခံ(၅၀၀၀) ကျော်မှာ ထွက် ပြေးတိမ်းရှောင်နေရကာ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။