အရာတော်မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ကူ တိုက်ခိုက် 

အရာတော်မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ကူ တိုက်ခိုက် 
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်၏ သံချပ်ကာယန္တရားတပ်အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိနာကာ လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ကူခဲ့သည်ဟု သိရသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က အမြောက်တပ် (၃၆၉)မှ  အရာတော်သို့ သွားသော စစ်ကောင်စီတပ်သား အင်အား (၅၀)ခန့်ပါ ခြေလျင်စစ်ကြောင်းအား  (၅၀၀၄)သံချပ်ကာယန္တရားတပ်အနီး တွင် ဒေသကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိနစ် (၃၀)ခန့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရဲတပ်ကြပ် စောမင်းဦး သေဆုံးကာ အရာရှိ (၂)ဦး၊ တပ်သား (၂)ဦးတို့ ထိမှန်ပြီး အရာတော်မြို့ရှိ ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း Danger Force LPDF ၏ ထုတ်ပြန်ချက်အရ သိရ သည်။

ထို့အပြင် စစ်ကောင်စီတပ်သား (၇)ဦး ဒဏ်ရာရပြီး အရာတော် ဆေးရုံကြီးတွင် ဆေးကုသခံယူနေရကာ ဒေသကာကွယ်ရေးတပ်မှ ရဲဘော် (၂)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများသည် အထိနာသောကြောင့် လေယာဥ်ပစ်ကူ တောင်းခြင်း၊ (၅၀၀၄)(၅၀၀၄)သံချပ်ကာယန္တရားတပ်အား လက်နက်ကြီးပစ်ကူတောင်းခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ခြင်းများပြုလုပ်၍ အရာတော်မြို့အတွင်းသို့ ဝင်ရောက် သွားကြောင်း သိရသည်။ 

ဒေသကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်သားများ၏ သွေးကွက်များ၊  ပတ်တီး၊ ရေဗူး၊ စစ်လွယ်အိတ်၊ ကျည်ခွံများ၊ သေနတ်ဒင်များ၊ ဓာတ်မီးနှင့် အာမီရမ်အရက်ပုလင်းများကို တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။