ထိုင်းနိုင်ငံတွင် နယူးရီးယားကာလ ယာဥ်အန္တရာယ်များသည့် ပထမ (၂) ရက်အတွင်း ယာဥ်တိုက်မှု (၇၀၀)ကျော် ဖြစ်ပွားပြီး လူ (၈၇) ဦး သေဆုံး

ထိုင်းနိုင်ငံတွင် နယူးရီးယားကာလ ယာဥ်အန္တရာယ်များသည့် ပထမ (၂) ရက်အတွင်း ယာဥ်တိုက်မှု (၇၀၀)ကျော် ဖြစ်ပွားပြီး လူ (၈၇) ဦး သေဆုံး
ဒီဇင်ဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က နယူးရီးယား အားလပ်ရက်များအတွင်း သတ်မှတ်ဆောင်ရွက်နေသည့် ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားဆောင်ရွက်မှု (၇) ရက်တာကာလ၏ ပထမ (၂) ရက်တွင် နိုင်ငံတဝန်း ယာဥ်တိုက်မှုပေါင်း (၇၁၅)မှုအတွင်း  လူ (၈၅) ဦး သေဆုံးခဲ့ပြီး အရှိန်လွန်မောင်းနှင်မှုနှင့် အရက်မူးပြီး မောင်းနှင်မှုတို့က အဓိက အကြောင်းရင်းများဖြစ်ကြောင်း သိရသည်။

ထိုအရေအတွက်မှာ ယမန်နှစ် ကာလတူ အချိန်ကထက် အနည်းငယ် လျော့နည်းခဲ့သည်ဟု ဆိုသည်။ 

ယမန်နှစ်က ထို (၂) ရက်အတွင်း ယာဥ်တိုက်မှုများကြောင့် လူ (၉၀) ဦး သေဆုံးခဲ့ပြီး (၇၈၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ 

ထိုင်းနိုင်ငံတွင် နှစ်စဥ် ဒီဇင်ဘာလ (၂၉) ရက် မှ ဇန်နဝါရီလ (၄) ရက်နေ့အထိကို ယာဥ်အသွားအလာအတွက် အန္တရာယ်များသည့် (၇) ရက်ဟု ခေါ်ဆိုကြသည်။

ဒီဇင်ဘာလ (၃၀) ရက်နေ့ တစ်ရက်တည်း၌ပင် ထိုင်းနိုင်ငံတဝန်း ယာဥ်တိုက်မှု (၃၆၆)မှု ဖြစ်ပွားခဲ့ရာ လူ (၄၈) ဦး သေဆုံးပြီး (၃၆၃) ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် Chotinarin Kerdsom က ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပြောသည်။ 

ဒီဇင်ဘာလ (၂၉) ရက်နှင့် (၃၀) ရက်နေ့တို့၏ (၂) ရက်အတွင်းတွင် ယာဥ်တိုက်မှု (၇၁၅) ခု ဖြစ်ပွားခဲ့ပြီး ယမန်နှစ် ကာလတူတွင် (၇၉၇) ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Road Safety Directing Centre ၏ အချက်အလက်များအရ ယာဥ်တိုက်မှုများ အားလုံး၏ (၃၅.၅) ရာခိုင်နှုန်းမှာ အရှိန်လွန်မောင်းနှင်မှုကြောင့်ဖြစ်ပြီး (၂၅.၇) ရာခိုင်နှုန်းမှာ အရက်မူးပြီး မောင်းနှင်မှုကြောင့်ဟု ဆိုသည်။ 

ယာဥ်တိုက်မှုများ အားလုံးအနက် (၇၉) ရာခိုင်နှုန်းတွင် မော်တော်ဆိုင်ကယ်များ ပါဝင်ခဲ့ပြီး (၈၃.၉) ရာခိုင်နှုန်းမှာ အဓိက လမ်းမကြီးများပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

အန္တရာယ်အရှိဆုံး ယာဥ်တိုက်မှုဖြစ်ပွားသည့် အချိန်မှာ ညနေ (၄) နာရီနှင့် (၅) နာရီကြားဖြစ်ကြောင်း သိရသည်။

Sakhon Nakhon ပြည်နယ်တွင် ယာဥ်တိုက်မှုအများဆုံး ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့က ယာဥ်တိုက်မှု (၁၈) ခု ဖြစ်ပွားခဲ့သည်။

 Nakhon Si Thammarat ပြည်နယ်တွင် ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရသူ အများဆုံးဖြစ်ခဲ့ပြီး (၁၈) ဦးရှိခဲ့ကြောင်းနှင့် Pathum Thani ပြည်နယ်တွင်မူ လူသေဆုံးမှု အများဆုံးဖြစ်ပြီး (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စုစုပေါင်း ပြည်နယ် (၃၁) ခုတွင်မူ ယာဥ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှု မရှိခဲ့ဟု ဆိုသည်။ 

Sakhon Nakhon ပြည်နယ်မှာ (၂) ရက်အတွင်း ယာဥ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်း (၂၆) ခုဖြစ်ကြောင်းနှင့် ဒဏ်ရာရမှုလည်း အများဆုံးဖြစ်ကာ လူ (၂၉) ဦး ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်။ 

ဒီဇင်ဘာလ (၂၉)ရက်နှင့် (၃၀) ရက် (၂) ရက်အတွင်း ယာဥ်တိုက်မှုကြောင့် သေဆုံးမှုအများဆုံးမှာ Pathum Thani ပြည်နယ်တွင်ဖြစ်ပြီး စုစုပေါင်း (၆) ဦး သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် Chotinarin က ပြောသည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းတို့၏ နှစ်စဥ် နယူးရီးယား (၇) ရက်တာကာလ အားလပ်ရက်များအတွင်း ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားဆောင်ရွက်မှုကို ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ခဲ့ပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော အကောင်းဆုံးဗီဒီယို ပေးပို့သူများအတွက် ဘတ် (၁၀,၀၀၀) ဆုငွေချီးမြှင့်မည်ဟု ကမ်းလှမ်းထားသည်။

Source: Bangkok Post

Photo: UCI Media