လက်ရှိ အခြေအနေအရ တရုတ်နိုင်ငံတွင် COVID ကူးစက်နှုန်းမြင့်မားနိုင်ပြီး တစ်ရက်လျှင် လူ (၅,၀၀၀) သေဆုံးဖွယ်ရှိဟု Airfinity ဆို

လက်ရှိ အခြေအနေအရ တရုတ်နိုင်ငံတွင် COVID ကူးစက်နှုန်းမြင့်မားနိုင်ပြီး တစ်ရက်လျှင် လူ (၅,၀၀၀) သေဆုံးဖွယ်ရှိဟု Airfinity ဆို
By Mr John

 

ကမ္ဘာ့အကြီးဆုံး ကူးစက်မှုဖြစ်လာမည်ဟု ခန့်မှန်ထားသော ကပ်ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရသည့် တရုတ်နိုင်ငံတွင် နေ့စဥ် လူ (၁) သန်း COVID-19 ကူးစက်ခံရပြီး လူ (၅,၀၀၀) သေဆုံးသည့် အခြေအနေကို ကြုံနေရဖွယ်ရှိကြောင်း လေ့လာဆန်းစစ်မှု အသစ်တစ်ခုက ဆိုထားသည်။ 

အခြေအနေမှာ လူဦးရေ (၁.၄) ဘီလီယံရှိသည့် တရုတ်နိုင်ငံအတွက် ထိုလေ့လာဆန်းစစ်မှုထက် ပို၍ပင် ဆိုးရွားနိုင်ကြောင်းလည်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် ကူးစက်မှုလှိုင်းအရ လာမည့် ဇန်နဝါရီလတွင် နေ့အလိုက် ကူးစက်မှု (၃.၇) သန်းအထိ မြင့်တက်လာနိုင်သည်ဟု လန်ဒန်အခြေစိုက် အချက်အလက် လေ့လာဆန်းစစ်မှုကုမ္ပဏီ Airfinity Ltd. က ဆိုသည်။ 

နောက်ထပ် တစ်ဟုန်ထိုးကူးစက်မှုကြောင့်လည်း မတ်လတွင် နေ့အလိုက် ကူးစက်မှု (၄.၂) သန်းအထိဖြင့် ကူးစက်မှုအထွတ်အထိပ် ရောက်ရှိလာမည်ဟု Airfinity က ခန့်မှန်းထားသည်။

Airfinity က တရုတ်နိုင်ငံ၏ ကူးစက်မှုပမာဏနှင့် သေဆုံးမှုအရေအတွက် ခန့်မှန်းတွက်ချက်ရာတွင် ပြည်နယ်ဆိုင်ရာ အချက်အလက်များကို အသုံးပြုထားကြောင်း သိရသည်။ 

တရုတ်တွင် ၎င်း၏ တင်းကျပ်သော zero-COVID မူဝါဒဖြင့် သတ်မှတ်ထားခဲ့သည့် စည်းမျဥ်းကန့်သတ်ချက်များကို ပြည်သူလူထုက အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုကြောင့် ရုတ်တရက် ဖြေလျှော့ပေးလိုက်ပြီးနောက် COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိသည်။

Airfinity ၏ ခန့်မှန်းတွက်ချက်ထားမှုမှာ တရုတ်အစိုးရက တရားဝင် ထုတ်ပြန်နေသည့် COVID-91 ကူးစက်မှုနှင့် သေဆုံးမှု အခြေအ‌နေပြ ကိန်းဂဏန်းများထက် များစွာပိုမိုနေသည်ကို တွေ့ရသည်။ 

တရုတ်အစိုးရက ဒီဇင်ဘာလ (၂၁) ရက်အတွက် တရားဝင် ထုတ်ပြန်ခဲ့ရာတွင် ကူးစက်မှု (၂,၉၆၆) ဦးရှိခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းမှစ၍ COVID-19 ကြောင့် သေဆုံးသူ (၁၀) ဦးထက် လျော့နည်းသည့် အရေအတွက်သာရှိခဲ့သည်။

သို့သော် တရုတ်အစိုးရ၏ ထုတ်ပြန်ချက်များကို Weibo ကဲ့သို့ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တွင် အသုံးပြုသူများကြား မေးခွန်းထုတ်မှုနှင့် မယုံကြည်မှုများ ရှိနေခဲ့သည်။ 

လက်ရှိအခြေအနေမှာ တရုတ်ဆေးရုံများတွင် လူနာများပြည့်နေပြီး နာရေးစီစဥ်သည့်နေရာများတွင်လည်း မနိုင်မနင်းဖြစ်နေသည်ဟု ဆိုသည်။ 

ဗိုင်းရပ်စ်နှင့်အတူ နေထိုင်ခြင်းပုံစံသို့ ပြောင်းလဲလာမှုအရ ဗိုင်းရပ်စ်စစ်ဆေးမှု အကြိမ်ကြိမ် လုပ်ဆောင်သည့်နိုင်ငံ နည်းပါးလာရာ ကမ္ဘာတဝန်းတွင် COVID-19 ကပ်ရောဂါ အခြေအနေကို တိကျစွာ တွက်ချက်သိရှိနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

အလွန်ကူးစက်မြန်သည့် အိုမီခရွန်ဗိုင်းရပ်စ် မျိုးကွဲများ ထွက်ပေါ်လာမှုကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း နေ့အလိုက် ကူးစက်မှု (၁.၄) သန်းနီးပါးအထိ မြင့်တက်ခဲ့သည့် အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်မှုများ တစ်ဟုန်ထိုးတက်လာခဲ့သည်။ 

နိုင်ငံအသီးသီး၏ အစိုးရများက တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ ယခုအခါ ကမ္ဘာတဝန်း COVID-19 ကူးစက်ခံခဲ့ရသူ (၆၅၉) သန်းကျော်ရှိခဲ့ပြီး သေဆုံးသူ (၆.၇) သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

Source: Bloomberg, Reuters