ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများအနီး ဘတ်(၃.၆)တန်ဖိုးရှိ အီးစီးကရက်များ သိမ်းဆည်းရမိ

ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများအနီး ဘတ်(၃.၆)တန်ဖိုးရှိ အီးစီးကရက်များ သိမ်းဆည်းရမိ
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများအနီး ဆိုင် (၅) ဆိုင်ကို စီးနင်းမှုအတွင်း ဘတ် (၃.၆) သန်း တန်ဖိုးရှိ အီးစီးကရက် (e-cigarettes) အနည်းဆုံး (၁၂,၀၀၀) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 စားသုံးသူ ကာကွယ်ရေးဌာန အရာရှိများက Soi Ratchadaphisek ခရိုင်ရှိ ဆိုင် (၃) ဆိုင်၊ Wang Thong Lang ခရိုင်နှင့် Wang Thong Lang ခရိုင်တို့ရှိ နောက်ထပ် ဆိုင် (၁) ဆိုင်စီကို ၂၀၂၄ ခုနှစ် ဧပြီလ (၉) ရက်နေ့ ညပိုင်းတွင် စီးနင်းရှာဖွေခဲ့ကြသည်။

စီးနင်းရှာဖွေမှုအတွင်း အီးစီးကရက် စုစုပေါင်း (၁၂,၀၀၀) ကျော် ပါဝင်သော အိတ် အလုံး (၂၀) ကို သိမ်းဆည်းရမိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဝန်ကြီး Phuangphet Chunla-iad က သတင်းထောက်များကို ၂၀၂၄ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ပြောသည်။ 

သိမ်းဆည်းရမိခဲ့သည့် အီးစီးကရက်များမှာ လက်လီဈေးနှုန်းအရ စုစုပေါင်း တန်ဖိုးမှာ ဘတ် (၃.၆) သန်းရှိကြောင်း သိရသည်။

စာသင်ကျောင်းများအနီး အီးစီးကရက်များ ရောင်းချရာတွင် လူငယ်များကို ပိုမိုဆွဲဆောင်ရန် အဆာပြေ မုန့်များ၊ ပုံမှန် ဘောလ်ပင်များ သို့မဟုတ် နို့ဘူး အသေးစားများအဖြင့်ပင် ပြင်ဆင် ထုပ်ပိုးထားကြောင်း ဝန်ကြီး Phuangphet က ပြောသည်။ 

ထိုသို့ ပြင်ဆင်ထုပ်ပိုးထားမှုကြောင့် ဆရာ/ဆရာများ အနေဖြင့် ကျောင်းအနီး အီးစီးကရက်များ ရောင်းချနေခြင်း သတိမပြုမိကြဟု ဆိုသည်။

အီးစီးကရက်များတွင် ပါဝင်သော နီကိုတင်းဓာတ်မှာ ဦးနှောက်ထိခိုက်နိုင်ပြီး အသက် (၂၅) နှစ်ဝန်းကျင်အထိ ဖွံ့ဖြိုးမှုကို ထိခိုက်စေကြောင်း သိရသည်။ 

အီးစီးကရက်များတွင် ပါဝင်သော နီကိုတင်းဓာတ်က စိတ်ခံစားမှုနှင့် သင်ယူနိုင်စွမ်းကို ထိခိုက်ပြီး အခြား မူးယစ်ဆေးဝါး အမျိုးအစားများကို စွဲလမ်းမှုအန္တရာယ် တိုးစေကြောင်း ဝန်ကြီးက ပြောသည်။

အီးစီးကရက် ရောင်းချသူများကို စားသုံးသူ ကာကွယ်ရေးဥပဒေ Consumer Protection Act နှင့် ဆက်စပ် ဥပဒေများဖြင့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က စားသုံးသူ ကာကွယ်ရေးဘုတ်အဖွဲ့ရုံးကို ညွှန်ကြားခဲ့ပြီးနောက် ယခု စီးနင်းမှုများ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ 

Consumer Protection Act အရ အီးစီးကရက် ရောင်းချသည့် ပြစ်မှု ကျူးလွန်သူများမှာ အမြင့်ဆုံး ထောင်ဒဏ် (၃) နှစ် ဖြစ်စေ၊ ငွေဒဏ် ဘတ် (၆၀၀,၀၀၀) ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရနိုင်ကြောင်း သိရသည်။

အီးစီးကရက်များကို မှောင်ခိုတင်သွင်းသူများမှာ အမြင့်ဆုံး ထောင်ဒဏ် (၁၀) နှစ် ဖြစ်စေ၊ ကုန်ပစ္စည်းတန်ဖိုး၏ (၄) ဆနှင့်ညီမျှသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရနိုင်သည်။ 

စီးနင်းမှုအတွင်း ဖမ်းဆီးခဲ့သော ဆိုင်ဝန်ထမ်းများ အားလုံးမှာ အိမ်နီးချင်း နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ကို ဆိုင်ဝန်ထမ်းအဖြစ် ငှားရမ်းစေခိုင်းသူများကို စုံစမ်းစစ်ဆေးရေးမှူများက ဖော်ထုတ်သွားမည်ဟု ဝန်ကြီး Phuangphet က ဆိုသည်။

Source: Bangkok Post

Photo: Phuangphet Chunla-iad( Facebook )