ထိုင်းနိုင်ငံတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် တိုးလာပါက ဈေးနှုန်းများ (၁၂) ရာခိုင်နှုန်းအထိ မြှင့်တက်လာမည်ဟု စီးပွားရေးနယ်ပယ်က သတိပေး

ထိုင်းနိုင်ငံတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် တိုးလာပါက ဈေးနှုန်းများ (၁၂) ရာခိုင်နှုန်းအထိ မြှင့်တက်လာမည်ဟု စီးပွားရေးနယ်ပယ်က သတိပေး
ဒီဇင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အစိုးရက လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဥ်ကို အတည်ပြုလိုက်ပါက ထုတ်ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ဟု ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries (FTI) က သတိပေးလိုက်သည်။ 

လက်ရှိ ကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် ဘတ် (၄.၇၃) တိုးမြှင့်လိုက်ခြင်းက စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ ထုတ်ကုန်ဈေးနှုန်းများကို (၅) ရာခိုင်နှုန်းမှ (၁၂) ရာခိုင်နှုန်းကြား တဖြည်းဖြည်း တိုးမြှင့်လာရလိမ့်မည် FTI ဥက္ကဌ Kriangkrai Thiennukul က ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ပြောခဲ့သည်။

ဓာတ်အားခနှုန်းထား တိုးမြှင့်ခြင်းက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု foreign direct investment (FDI) အပါအဝင် နိုင်ငံ၏ စီးပွားလုပ်ငန်းများကြား ယှဥ်ပြိုင်မှုကိုလည်း ထိခိုက်စေလိမ်မည်ဟု ၎င်းက ဆိုသည်။ 

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားမှုကြောင့် စီးပွားရေးလုပ်ငန်းများကြား ယှဥ်ပြိုင်မှုပြင်းထန်နေသည်ဟု FTI ဥက္ကဌက ပြောသည်။

ရေရှည် စွမ်းအင်ကုန်ကျစရိတ်များကို ထိန်းထားနိုင်ရန် အစိုးရအနေဖြင့် သင့်လျော်သည့် စီမံခန့်ခွဲမှုနှင့် ကမ္ဘာတဝန်း ပြောင်းလဲနေသော အခြေအနေနှင့် လိုက်လျောညီထွေစွာဖြင့် နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုကို ပြန်သုံးသပ်ရမည်ဟု ဆိုသည်။ 

အထူးသဖြင့် စွမ်းအင်သုံးစွဲသူ အုပ်စုအားလုံးကို ဂရုစိုက်ရန် သန့်ရှင်းသောစွမ်းအင်ကို ဦးတည်ဆောင်ရွက်ရမည်ဟု ထောက်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်ကြောင့် စက်မှုလုပ်ငန်းများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် စီမံဆောင်ရွက်မှုကို ဥပမာအဖြစ် FTI ဥက္ကဌက ပြောခဲ့သည်။ 

ဗီယက်နမ်က လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့်အစား အိမ်ထောင်စုများကို ဓာတ်အားသုံးစွဲမှု ချွေတာရန် တွန်းအားပေးခဲ့ကြောင်းနှင့် ထိုအချက်များမှာ ထိုင်းနိုင်ငံနှင့် မတူညီခြင်းဖြစ်ကြောင်း FTI ဥက္ကဌ Kriangkrai က ဆိုသည်။

 

ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓါတ်အားခ တိုးမြှင့်မှုသည် ထိုင်းလျှပ်စစ်မီးကို ဝယ်ယူအသုံးပြုနေသည့် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းသို့လည်း သက်ရောက်မည်ဖြစ်သည်။

 

Source: Bangkok Post