ထိုင်းနိုင်ငံတွင် အိမ်သုံးမီတာခ တစ်ယူနစ်လျှင် (၄.၇၂)ဘတ်ဖြင့် လက်ရှိအတိုင်း ဆက်ထားမည်ဖြစ်သော်လည်း အခြား မီတာခများ (၂၀) ရာခိုင်နှုန်း တိုးမြှင့်မည်

ထိုင်းနိုင်ငံတွင် အိမ်သုံးမီတာခ တစ်ယူနစ်လျှင် (၄.၇၂)ဘတ်ဖြင့် လက်ရှိအတိုင်း ဆက်ထားမည်ဖြစ်သော်လည်း အခြား မီတာခများ (၂၀) ရာခိုင်နှုန်း တိုးမြှင့်မည်
ဒီဇင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အိမ်သုံးလျှပ်စစ် ဓာတ်အားခနှုန်းထားကို လက်ရှိအတိုင်း ဆက်လက်ထားရှိမည်ဖြစ်သော်လည်း အခြား ဓာတ်အားခနှုန်းထားကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ (၂၀) ရာခိုင်နှုန်းခန့် တိုးမြှင့်သွားမည်ဟု Energy Regulatory Commission (ERC) က ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြောသည်။ 

ဇန်နဝါရီလမှ ဧပြီလအထိ အိမ်သုံးမီတာခကို လက်ရှိကောက်ခံနေသည့် တစ်ယူနစ်လျှင် ဘတ် (၄.၇၂) နှုန်းထားအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ERC အထွေထွေအတွင်းရေးမှူးချုပ် Khomgrich Tantravanich က ဆိုသည်။

စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများ ပါဝင်သည့် အခြား ဓာတ်အားသုံးစွဲမှုများအတွက်မူ မီတာခနှုန်းထားကို (၂၀.၅) ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဟု သိရသည်။ 

ထိုင်းနိုင်ငံတွင် စက်တင်ဘာလမှစပြီး မီတာခနှုန်းထားကို တစ်ယူနစ်လျှင် ဘတ် (၄.၇၂) အဖြစ် သတ်မှတ်ခဲ့ရာ ထိုင်းနိုင်ငံအဖို့ အမြင့်ဆုံးနှုန်းထား ဖြစ်လာသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ပြည်ပမှတင်သွင်းရသည့် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး ဈေးနှုန်းများ မြှင့်တက်လာခြင်းကြောင်း မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

အိမ်သုံးမဟုတ်သည့် မီတာခများ တိုးမြှင့်သွားရန် ERC ဆုံးဖြတ်ချက်မှာ လာမည့်နှစ်တွင် အိမ်သုံးလျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် ထိန်းချုပ်ရန် လောင်စာသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် စွမ်းအင်မူဝါဒကောင်စီ National Energy Policy Council ထံမှ ညွှန်ကြားတစ်ရပ်အရ တုံ့ပြန်ဆောင်ရွက်မှုဖြစ်ကြောင်း Khomgrich က ဆိုသည်။

ထိုင်းနိုင်ငံတွင် အစိုးရက လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဥ်ကို အတည်ပြုလိုက်ပါက ထုတ်ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ဟု 

ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) က သတိပေးထားသည်။ 

လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် ဘတ် (၄.၇၃) တိုးမြှင့်လိုက်ခြင်းက စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ ထုတ်ကုန်ဈေးနှုန်းများကို (၅) ရာခိုင်နှုန်းမှ (၁၂) ရာခိုင်နှုန်းကြား တဖြည်းဖြည်း တိုးမြှင့်လာရလိမ့်မည် FTI ဥက္ကဌ Kriangkrai Thiennukul က ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ပြောခဲ့သည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်လည်း ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တဆင့်ပြန်လည် ဝယ်ယူပြီး အိမ်သုံးမီတာကို တစ်ယူနစ်လျှင် (၅.၈၀)ဘတ် ဖြင့် လည်းကောင်း ပါဝါမီတာကို တစ်ယူနစ်လျှင် (၇.၂၀)ဘတ်ဖြင့် လည်းကောင်း ပြန်လည်ရောင်းချနေခြင်းလည်း ဖြစ်သည်။



Source: Bangkok Post