ထိုင်းနိုင်ငံမှ ကျန်းမာရေးဝန်ထမ်း ၆ ဦး COVID 19 ကာကွယ်ဆေးထိုးပြီးနောက် လေဖြတ်သွားကြောင်း သတင်းထုတ်ပြန်

ထိုင်းနိုင်ငံမှ ကျန်းမာရေးဝန်ထမ်း ၆ ဦး COVID 19 ကာကွယ်ဆေးထိုးပြီးနောက် လေဖြတ်သွားကြောင်း သတင်းထုတ်ပြန်
By Tachileik News Agency

ထိုင်းနိုင်ငံမှ ကျန်းမာရေးဝန်ထမ်း (၆) ဦးမှာ COVID 19 ကာကွယ်ဆေးထိုးပြီးနောက် လေဖြတ်သွားကြောင်း တာဝန်ရှိတစ်ဦးကို ကိုးကား၍ ၂၀၂၁ ခုနှစ် ဧပြီလ (၂၀) ရက်နေ့တွင် The Nation သတင်းစာက သတင်းဖေါ်ပြသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းများမှာ Sinovac ကာကွယ်ဆေးထိုးနှံပြီးနောက် လေဖြတ်သွားသဖြင့် ကုသမှုခံယူခဲ့ကြရပြီး လက်ရှိတွင် ပြန်လည်သက်သာလာကြပြီဖြစ်ကြောင်း သိရသည်။

လေဖြတ်သွားခြင်းမှာ ကာကွယ်ဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးဟုတ်၊ မဟုတ်ကို စစ်ဆေးနေကြဆဲဖြစ်ပြီး အသေးစိတ်ကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင်  တရုတ်မှထုတ်သည့်  Sinovac COVID 19 ကာကွယ်ဆေးကို အသုံးပြုနေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID 19 ကာကွယ်ဆေးထိုးနိုင်ရန် ဆောင်ရွက်နေစဉ် ဧပြီလအတွင်းမှာပင် COVID 19 ကူးစက်မှုမြင့်တက်လာကာ တတိယလှိုင်းအဖြစ် ဖြစ်ပွားလာခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧပြီလ (၂၀) ရက်နေ့ ထိုင်းစံတော်ချိန် နေ့လည် (၁) နာရီ (၄၁)မိနစ်အချိန်ထိ တစ်နေ့တာအတွင်း အသစ်တိုးလာသည့် အတည်ပြုလူနာ (၁၄၄၃) ဦးရှိသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၄၅၁၈၅)ဦးအထိ တိုးလာကာ ကမ္ဘာတွင် ကူးစက်ခံရသူအများဆုံးအဆင့် (၁၀၇)တွင် ရောက်နေခြင်းဖြစ်သည်။



source: The Nation