နိုင်ငံရေးပြသနာ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့  (၄၅)ဦးကို ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းပေးကြောင်း ကြေညာလာ

နိုင်ငံရေးပြသနာ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့  (၄၅)ဦးကို ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းပေးကြောင်း ကြေညာလာ
နိုဝင်ဘာ 18, 2022 | 2021 Military Coup| အခြားဒေသများ

 နိုင်ငံရေးပြသနာ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ဖြေရှင်းရန် ခက်ခဲနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့သည် အမျိုးသားအောင်ပွဲနေ့ ကို အကြောင်းပြုကာ မတရားသဖြင့် အကျဉ်းကျခံနေရသူ စုစုပေါင်း (၅၇၀၀)ကျော်ကို နိုဝင်ဘာလ(၁၇)ရက်နေ့က  ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အဖြစ် ကြေညာပြီးနောက် ယနေ့ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ စုစုပေါင်း (၄၅)ဦးကို ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်နှင့်အမှုပိတ်သိမ်းမှုများအဖြစ် ကြေညာလာသည်ကို တွေ့ရသည်။

ဖမ်းဆီးအကျဉ်းကျခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထဲက (၄၁)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း နှင့် တရားစွဲဆိုခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထဲက (၄)ဦးကို အမှုပိတ်သိမ်းပေးကြောင်း အာဏာသိမ်းစစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။

ဖမ်းဆီးအကျဉ်းကျခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထဲက (၄၁)ဦးတွင် ရက္ခိုင့်တပ်တော် ( Arakan Army - AA ) မှ တပ်ဖွဲ့ဝင် (၁၇)ဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော် ( Kachin Independence Army - KIA )မှ တပ်ဖွဲ့ဝင် ( ၁၇)ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် )( Restoration Council of Shan State/Shan state army - RCSS/SSA ) မှ တပ်ဖွဲ့ဝင် (၅)ဦး နှင့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( Karen National Union/Karen National Liberation Army - KNU/KNLA )မှ တပ်ဖွဲ့ဝင် (၂)ဦး စုစုပေါင်း (၄၁)ဦး ဖြစ်သည်။

တရားစွဲဆိုခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထဲက (၄)ဦးတွင် ရက္ခိုင့်တပ်တော် ( Arakan Army - AA ) မှ တပ်ဖွဲ့ဝင် (၁)ဦး နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ( Kachin Independence Army - KIA )မှ တပ်ဖွဲ့ဝင်  (၃)ဦး တို့ ဖြစ်သည်။