စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲသည် အာဏာသိမ်းမှု နှင့်  ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် တရားဝင်မှုရရှိရေးအတွက် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း KNU ပြောကြား

စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲသည် အာဏာသိမ်းမှု နှင့်  ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် တရားဝင်မှုရရှိရေးအတွက် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း KNU ပြောကြား
နိုဝင်ဘာ 12, 2022 | 2021 Military Coup| အခြားဒေသများ

 

၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာသိမ်းမှုကို တရားဝင်မှုရရှိရေးအတွက် ကြိုးပမ်းခြင်းသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့်  KNU အနေဖြင့် အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတို့ကို အားမပေးဟု ‌KNU က ထုတ်ပြန်လာသည်။

နိုဝင်ဘာလ (၁၁) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သော ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီမှ လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာ၌ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာတို့နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံဆွေးနွေးပွဲတွင် KNU က ယင်းသို့ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်‌ကောင်စီမှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအပေါ်  KNU အနေဖြင့် မည်သို့သဘောထားသည်ကို သိလိုကြောင်းမေးမြန်းမှုကို ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ တပ်မတော်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ပျက်သွားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည် တတ်ကျွမ်းသည့် ပညာရှင်များတို့သည်လည်း တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ဆီးသွားခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာသိမ်း စစ်ကောင်စီမှ တရားဝင်မှု ရရှိရေးအတွက်ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတို့ကို အားမပေးကြောင်း” KNU က ဆိုသည်။

ဆွေးနွေးပွဲတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှအာဏာသိမ်းယူပြီးအလွန် (၂) နှစ်နီးပါးကာလ လက်ရှိနိုင်ငံရေးအခင်းအကျင်းအောက်တွင် KNU ၏ နိုင်ငံရေးရပ်တည်ချက်၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုတို့ကို အသိပေးရှင်းလင်းဆွေးနွေးပေးခဲ့သွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲသို့ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့ကြပြီး KNU/KNLA PC မှ ဒုဥက္ကဌ ဗိုလ်ချုပ် ဒေါက် တာနော်ကပေါ်ထူး၊ BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ မဲဆမိတ် ကျောင်းတိုက် ဆရာတော် အရှင်စန္ဒာရ၊ နှစ်ခြင်းခရစ်ယာန်သိက္ခာ  တော်ရ ဆရာတော် စောဆာစေးဖေါနှင့် ကရင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးတို့ တက်ရောက်ခဲ့ကြသည်။

 

Photo: KNU