ရုရှား စစ်သားများက လမ်းမပေါ်တိုက်ပွဲဖော်ဆောင်ရန် အရပ်ဝတ်များဖြင့် နေအိမ်များအတွင်း ဝင်ရောက်နေရာ ယူထား

ရုရှား စစ်သားများက လမ်းမပေါ်တိုက်ပွဲဖော်ဆောင်ရန် အရပ်ဝတ်များဖြင့် နေအိမ်များအတွင်း ဝင်ရောက်နေရာ ယူထား
နိုဝင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားတပ်ဖွဲ့များက နိုင်ငံတောင်ပိုင်း Kherson မြို့ရှိ နေအိမ်အလွတ်များမှ အရပ်သားပစ္စည်းများကို လုယက် ယူဆောင်ပြီး အရပ်ဝတ်များဖြင့် ထိုနေအိမ်များအတွင်း ဝင်ရောက်နေရာယူထားကာ မြို့တွင်း လမ်းမပေါ်တိုက်ပွဲအတွက် ပြင်ဆင်နေကြကြောင်း ယူကရိန်းစစ်တပ်က ပြောသည်။ 

Kherson မြို့တွင် စစ်ပွဲ၏ အရေးအပါဆုံး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာမည်ဟု နှစ်ဘက်လုံးက ခန့်မှန်းထားကြသည်။

မကြာသေးမီ ရက်ပိုင်းတွင်း ရုရှားတပ်ဖွဲ့များက အရပ်သားများကို Kherson မြို့မှ ထွက်ခွာကြရန် အမိန့်ထုတ်ခဲ့သည်။ 

Kherson မြို့မှာ ရုရှားက ဖေဖေါ်ဝါရီလတွင် ကျူးကျော်ခဲ့ပြီးနောက် သိမ်းပိုက်ထားနိုင်သည့် တစ်ခုတည်းသော ဒေသဆိုင်ရာမြို့တော် ဖြစ်သည်။ 

ယူကရိန်းတပ်ဖွဲ့များက ထိုမြို့ကို ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်လာမည်ဟု ရုရှားက ခန့်မှန်းထားသည်။

စစ်ပွဲမတိုင်မီက လူဦးရေ (၃၀၀,၀၀၀) နီးပါး နေထိုင်ကြသည့် Kherson မြို့မှာ ပြီးခဲ့သည့် (၄၈) နာရီအတွင်း လျှပ်စစ်ဓာတ်အားနှင့် ရေပြတ်တောက်နေခဲ့ပြီးနောက် အေးစက်ပြီး မှောင်မဲနေကြောင်း နှစ်ဘက်လုံးက နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြောသည်။ 

ရုရှားခန့်အပ်ထားသည့် တာဝန်ရှိသူများက ယူကရိန်း၏ အဖျက်အမှောင့်လုပ်ရပ်ကြောင့်ဖြစ်ကြောင်း အပြစ်ဖို့ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယူကရိန်းအစိုးရ အရာရှိများကမူ ရုရှားက (၁.၅) ကီလိုမီတာရှိ လျှပ်စစ်ဓာတ်အားလိုင်းများကို ဖျက်ဆီးခဲ့ကြောင်းနှင့် ယူကရိန်းတပ်ဖွဲ့များ Kherson ကို ပြန်လည်သိမ်းပိုက်ချိန်အထိ လျှပ်စစ်ဓာတ်အား ပြန်ရလိမ့်မည်မဟုတ်ကြောင်း ပြောသည်။ 

ရုရှားက Kherson မြို့တွင် အရပ်သားများကို အတင်းအကျပ် နှင်ထုတ်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ယူကရိန်းက စွပ်စွဲသည်။ 

မြို့ခံများ ဘေးကင်းလုံခြုံရေးအတွက် မြို့မှထွက်ခွာသွားခိုင်းခြင်းဖြစ်ကြောင်း ရုရှားဘကက် တုံ့ပြန်သည်။

ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်သည့် သီးခြားသတင်းတစ်ရပ်အရ အမေရိကန်နှင့်ရုရှားတို့ကြား ဆက်သွယ်ဆွေးနွေးမှုများရှိကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Jake Sullivan က အတည်ပြုခဲ့ကြောင်း သိရသည်။

 Jake Sullivan က စစ်ပွဲအရှိန် နောက်ထပ်မြင့်တက်ခြင်းကို ရှောင်ရှားရန် ရုရှားအစိုးရအရာရှိများနှင့် လျှို့ဝှက်ဆွေးနွေးခဲ့ကြောင်း Wall Street Journal က နိုဝင်ဘာလ (၆) ရက်တွင် ဖော်ပြခဲ့သည်။ 

အစောပိုင်းတွင်လည်း စစ်ပွဲနှင့် ပတ်သက်၍ ရုရှားနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းရန် အမေရိကန်က ယူကရိန်းကို တိုက်တွန်းခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။



Source: CNN, Reuters, BBC

Photo: REUTERS/Clodagh Kilcoyne,