COVID-19 ကာကွယ်ဆေးနည်းပညာနှင့် ပတ်သက်၍ Moderna က Pfizer ကို တရားစွဲ

COVID-19 ကာကွယ်ဆေးနည်းပညာနှင့် ပတ်သက်၍ Moderna က Pfizer ကို တရားစွဲ
By Mr John

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးနှင့် ဇီဝနည်းပညာကုမ္ပဏီ Moderna က Pfizer နှင့် ၎င်း၏ ဂျာမန်မိတ်ဖက် BioNTech တို့ကို ပထမဆုံး COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာတွင် မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားကြောင်း ပြောကြားသည်။ 

Moderna က ကပ်ရောဂါမတိုင်မီ ၎င်းတို့ တီထွင်ဖန်တီးခဲ့သည့် mRNA နည်းပညာ ကူးယူခံခဲ့ရကြောင်း စွပ်စွဲထားသည်။

Moderna ၏ တရားစွဲဆိုမှုတွင် အတိအကျ မသိရသည့် ငွေကြေးဆုံးရှုံးနစ်နာမှုများရရှိရန် အရေးဆိုထားပြီး အမေရိကန်နှင့် ဂျာမနီတွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။ 

Pfizer ဘက်ကမူ ကုမ္ပဏီအနေဖြင့် တရားစွဲဆိုမှုနှင့် ပတ်သက်၍ စာရွက်စာတမ်းများ လက်ခံရရှိခြင်း မရှိသေးကြောင်းနှင့် ယခုအချိန်အတွင် မှတ်ချက်မပေးနိုင်သေးဟု ဆိုသည်။

Pfizer/BioNTech တို့က  ၎င်း၏ ဉာဏပစ္စည်းမူပိုင်ခွင့် (၂) မျိုးကို ကူးယူခဲ့ကြောင်း Moderna က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ပထမတစ်ခုမှာ mRNA ဖွဲ့စည်းပုံဖြစ်ပြီး ၎င်း၏သိပ္ပံပညာရှင်များက ၂၀၁၀ ခုနှစ်တွင် စတင်တီထွင်ခဲ့ကြောင်း Moderna က ပြောသည်။ 

ထို့နောက် ၂၀၁၅ ခုနှစ်တွင် လူများတွင် ပထမဆုံးအကြိမ် စမ်းသပ်အတည်ပြုခဲ့သည်ဟု ဆိုသည်။

Moderna က စွပ်စွဲထားသည့် ဒုတိယတစ်ခုမှာ ဗိုင်းရပ်စ်၏ အပြင်ဘက်မျက်နှာပြင်ပေါ်ရှိ spike protein နှင့် ပတ်သက်ကြောင်း သိရသည်။

 "mRNA နည်းပညာ ဆန်းသစ်တီထွင်မှုကို ကာကွယ်ဖို့ ကျွန်တော်တို့ ဒီတရားစွဲဆိုမှုတွေ လုပ်နေတာပါ။ ဒီနည်းပညာကို ကျွန်တော်တို့က စတင်တီထွင်ခဲ့တယ်။ ဖန်တီးမှုမှာ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ပြီးတော့ COVID-19 ကပ်ရောဂါမတိုင်မီ ဆယ်စုနှစ်အတွင်းမှာ မူပိုင်ခွင့်တင်ခဲ့တာ ဖြစ်ပါတယ်" ဟု Moderna ကုမ္ပဏီအကြီးအကဲ Stephane Bancel က ထုတ်ပြန်ချက်တွင် ပြောထားသည်။

Source: BBC