တရုတ်နိုင်ငံတွင် lockdown လုပ်ထားစဥ် အချိန်မီ ဆေးကုသခွင့် မရမှုကြောင့် (၃) နှစ်အရွယ် ကလေးငယ် သေဆုံး

တရုတ်နိုင်ငံတွင် lockdown လုပ်ထားစဥ် အချိန်မီ ဆေးကုသခွင့် မရမှုကြောင့် (၃) နှစ်အရွယ် ကလေးငယ် သေဆုံး
နိုဝင်ဘာ 4, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

တရုတ်နိုင်ငံတွင် ရှီကျင့်ဖျင်အစိုးရ၏ COVID-19 လုံးဝ ကင်းစင်ပပျောက်ရေး zero-Covid မူဝါဒအရ lockdown လုပ်ထားမှုကြောင့် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်သည့် အသက် (၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိဘဲ သေဆုံးရမှုအပေါ် အများပြည်သူကြား ဒေါသထွက်နေကြသည်။

ကလေးငယ်၏ ဖခင်က ဆိုရှယ်မီဒီယာတွင် ပြောဆိုထားမှုအရ ဓာတ်ငွေ့အဆိပ်သင့်သည့် သားဖြစ်သူကို ဆေးကုသရန်အတွက် ကန်းစုပြည်နယ်၏ မြို့တော် Lanzhou မြို့ရှိ ၎င်းတို့၏ အိမ်ရာဝင်းမှ ထွက်ခွင့်ပြုရန် တောင်းပန်ခဲ့သော်လည်း Covid ဝန်ထမ်းများက တားဆီးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ တားဆီးနေရာမှ နှောင့်နှေးမှုဖြစ်ပြီး ကလေးငယ် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ယူဆထားသည်။ 

သားဖြစ်သူ သေဆုံးမှုအကြောင်း နိုဝင်ဘာလ (၂) ရက်နေ့တွင် ဖခင်က တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo ၌ ပို့စ်တင်ခဲ့ရာ ထိုပို့စ်ကို ဖတ်ရှုသိရှိရပြီးနောက် အများပြည်သူကြား ဒေါသထွက်ပြီး ဝမ်းနည်းခဲ့ကြရသည်။

သေဆုံးခဲ့သည့် ကလေးငယ်၏ မိသားစု နေထိုင်ရာ ရပ်ကွက်အပါအဝင် Lanzhou မြို့၏ နေရာအများအပြားကို အောက်တိုဘာလဆန်းမှစပြီး lockdown လုပ်ထားခဲ့သည်။ 

ဖခင်ဖြစ်သူ၏ အဆိုအရ ၎င်း၏သားနှင့် ဇနီးတို့မှာ နိုဝင်ဘာလ (၁) ရက်နေ့ မွန်းလွဲပိုင်းတွင် နေမကောင်းဖြစ်လာခဲ့ပြီး ဓာတ်ငွေ့အဆိပ်သင့်သည့် လက္ခဏာများ တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ထို့နောက် ၎င်းက အရေးပေါ်အသက်ကယ်သည့်နည်း CPR ပြုလုပ်ခဲ့ရာ ဇနီးဖြစ်သူမှာ အခြေအနေမှာ တိုးတက်လာခဲ့သော်လည်း ကလေးငယ်က မေ့မြောသွားခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် ဖခင်က အရေးပေါ်ကားနှင့် ရဲစခန်းသို့ အကြိမ်ကြိမ် ဖုန်းဆက်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ဟု ဆိုသည်။ 

ထို့နောက် lockdown လုပ်ထားသည့် ၎င်းတို့၏ အိမ်ရာဝင်းကို စောင့်ကြပ်နေသော Covid ဝန်ထမ်များထံ သွားရောက်ပြီး အကူအညီတောင်းခဲ့သော်လည်း ထိုဝန်ထမ်းများက ငြင်းပယ်ခဲ့ပြီး ၎င်း၏ရပ်ကွက်ရှိ သက်ဆိုင်ရာ အစိုးရအရာရှိများထံမှ အကူအညီတောင်းရန် သို့မဟုတ် အရေးပေါ်ကားတစ်စီးကို ဆက်လက်၍ ဖုန်းခေါ်နေရန်သာ ပြောခဲ့ကြသည်။

အိမ်ရာဝင်း၏ အပြင်သို့ ထွက်လိုပါက COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် အထောက်အထားပြသရမည်ဟု ဝန်ထမ်းများက ပြောခဲ့သည်။ 

သို့သော် ထိုအိမ်ရာဝင်းတွင် ပြီးခဲ့သည့် (၁၀) ရက်အတွင်း COVID-19 စစ်ဆေးမှုမရှိခဲ့ရာ စစ်ဆေးမှုရလဒ်ကို မပြနိုင်ခဲ့ဟု ဆိုသည်။ 

ထို့နောက် ဖခင်ဖြစ်သူမှာ Covid ဝန်ထမ်းများနှင့် အချေအတင် ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် သားဖြစ်သူကို အိမ်ရာဝင်းအပြင်သို့ ခေါ်ထုတ်သွားနိုင်ခဲ့ကာ တက္ကစီတစ်စီးဖြင့် ဆေးရုံပို့ဆောင်ခဲ့ရကြောင်း သိရသည်။

၎င်းတို့ ဆေးရုံရောက်ရှိချိန်တွင် အလွန်နောက်ကျသွားပြီဖြစ်ပြီး ဆရာဝန်များက ကလေးငယ်၏အသက်ကို မကယ်နိုင်ခဲ့တော့ဟု ဆိုသည်။ 

"ဆေးရုံကို အမြန်ပို့နိုင်ရင် ကျွန်တော့်ကလေး အသက်ရှင်နိုင်တယ်ဗျာ" ဟု ဖခင်က Weibo တွင် ဖွင့်ဟရေးသားထားသည်။ 

အွန်လိုင်းမြေပုံတစ်ခုရ ၎င်းတို့၏ နေအိမ်နှင့် ဆေးရုံမှာ (၁၀) မိနစ်ကြာ ကားမောင်းသွားပြီး ရောက်ရှိနိုင်သည်ကိုလည်း တွေ့ရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကလေးငယ်မှာ ကာဗွန်မိုနောက်ဆိုက်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် မိခင်ဖြစ်သူက ဆေးရုံတက်နေရဆဲဖြစ်ပြီး အခြေအနေ တည်ငြိမ်ကြောင်း သိရသည်။ 

သို့သော် lockdown အစီအမံကြောင့် ၎င်းတို့ကို ဆေးကုသရန် နှောင့်နှေးမှုဖြစ်ခဲ့ခြင်းရှိ မရှိ ရဲတပ်ဖွဲ့က မပြောထားပေ။ 

တရုတ်တွင် အာဏာပိုင်များက lockdown လုပ်ထားစဥ်အတွင်း အချိန်မီ ဆေးကုသခွင့်မရမှုကြောင့် သေဆုံးခဲ့သည့် အလားတူဖြစ်ရပ်များ ယခင်ကလည်း ရှိခဲ့သည်။

နိုဝင်ဘာလ (၃) ရက်နေ့တွင်မူ ဒေသဆိုင်ရာ တရုတ်အာဏာပိုင်များက lockdown လုပ်ထားမှုကြောင့် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်သည့် ကလေးငယ်ကို အချိန်မီ ဆေးကုမပေးနိုင်ဘဲ သေဆုံးခဲ့ရမှုအတွက် တောင်းပန်းခဲ့ကြောင်း သိရသည်။ 

ကျန်ရှိသည့် ကမ္ဘာ့နိုင်ငံများတွင် ကပ်ရောဂါကူးစက်မှု ကျဆင်းလာမှုနှင့်အတူ ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်သွားနေကြပြီဖြစ်သော်လည်း တရုတ်နိုင်ငံတွင်မူ zero-Covid မူဝါဒအရ ကူးစက်မှုအနည်းငယ်မျှ တွေ့ရှိရသည်နှင့် သက်ဆိုင်ရာ နေရာဒေသတွင် လူအစုအပြုံလိုက်ကို စစ်ဆေးခြင်း၊ ရုတ်တရက် lockdown လုပ်ခြင်းနှင့် ကွာရန်တင်းထားရှိခြင်းတို့ လုပ်ဆောင်နေဆဲ ဖြစ်သည်။