ထိုင်းတက္ကစီသမားက မြန်မာအမျိုးသမီးငယ်ကို အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူကာ လက်ထိပ်ခတ်ပြီး အဓမ္မပြုကျင့်

ထိုင်းတက္ကစီသမားက မြန်မာအမျိုးသမီးငယ်ကို အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူကာ လက်ထိပ်ခတ်ပြီး အဓမ္မပြုကျင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် (၁၇)နှစ်အရွယ် မြန်မာအမျိုးသမီးငယ်ကို အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူသွားကာ လက်ထိပ်ခတ် အဓမ္မကျင့်ပြီးနောက် အမျိုးသမီးငယ်ကို အထောက်အထားမဲ့အလုပ်သမားဟုဆိုကာ  ရဲစခန်းပို့ တိုင်ကြားသည့် ထိုင်းတက္ကစီသမားကို ထိုင်းရဲက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အသက် (၃၉)နှစ်အရွယ် Adirek Sae Bae ဆိုသည့် ထိုင်းတက္ကစီသမားကို ယခုလ အစောပိုင်းတွင် ဘန်ကောက်မှာပင် ဖမ်းဆီးရမိထားပြီး အသက်မပြည့်သေးသူကို အဓမ္မပြုကျင့်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာပုံများ၊ ဗီဒီယိုများ လက်ဝယ်ထားရှိမှု၊ ကျူးလွန်မှုစသည့် ပြစ်မှုပေါင်းများစွာဖြင့် စွဲဆိုထားသည်ဟု သိရသည်။

မြန်မာအမျိုးသမီးငယ်သည် ဘန်ကောက်တွင် အဒေါ်ဖြစ်သူနှင့်နေထိုင်ပြီး ထိုင်းစကား ပြောတတ်၊ ဖတ်တတ်သည့်အဒေါ်ဖြစ်သူအား သူမအလုပ်ရှာဖွေနေကြောင်း လူမှုကွန်ယက်တွင် ရေးသားပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပို့စ်အောက်တွင် ထိုင်းတက္ကစီသမားက အကောင့်တုသုံး၍ ၎င်းအနေဖြင့် အလုပ်ပေးနိုင်ကြောင်းနှင့် တက္ကစီသမားကို လာကြိုခိုင်းပေးမည်ဟု ဝင်၍ရေးသားကာ ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဧပြီလ (၁) ရက်နေ့တွင် အဆိုပါ တက္ကစီသမားက မြန်မာအမျိုးသမီးငယ်၏ အဒေါ်ဖြစ်သူနေအိမ်သို့ ရောက်လာပြီး အလုပ်ရှင်နှင့်တွေ့ရန်ဟုပြောဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဒေါ်ဖြစ်သူကလည်း အလုပ်ရှင်ဖြစ်သူလွှတ်လိုက်သည့် တက္ကစီဟုယုံကြည်ကာ တူမဖြစ်သူအား ထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တက္ကစီသမားက အလုပ်ရှင်ထံ မသွားမီ COVID 19 စစ်ရမည်ဟုဆိုကာ မိုတယ်တစ်ခု၏ အခန်းတစ်ခုထဲတွင် ထားခဲ့ပြီး ည (၉)နာရီခွဲဝန်းကျင်တွင် ပြန်ရောက်လာကာ အမျိုးသမီးငယ်အား လက်ထိပ်ခတ်၍ အဓမ္မကျင့်သည့်အပြင် ၎င်း၏ဖုန်းဖြင့် ပုံများရိုက်ယူထားခဲ့ကြောင်း သိရသည်။

ယင်းနောက် အမျိုးသမီးငယ်၏ ဖုန်းနှင့် ပိုက်ဆံဘတ် (၅၀၀)ကို ယူပြီး အမျိုးသမီးငယ်ကို အထောက်အထားမဲ့ လုပ်သားဖြစ်သည်ဟုဆိုကာ ရဲစခန်းသို့ပို့ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးငယ်အား တာဝန်ရှိသူများက စုံစမ်းမေးမြန်းရာမှ အဖြစ်မှန်ကိုသိရသည့်အတွက် ထိုင်းတက္ကစီသမားကို ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး တက္ကစီသမားကလည်း ၎င်းကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသမီးငယ်ကို နှစ်သိမ့်ဆွေးနွေးခြင်းများအပါအဝင် လူမှုအကူအညီပံ့ပိုးမှုများ လုပ်ဆောင်ပေးထားပြီး မိခင်နိုင်ငံကို ပြန်ပို့မည်ဟု သိရသည်။

 

Source: bangkokpost