ရန်လိုနေသည့် မြောက်ကိုရီးယား နှင့် ချက်ချင်း တုံ့ပြန်တတ်သည့် တောင်ကိုရီးယားတို့  ဒုံးကျည်များ အပြန်အလှန် ပစ်လွှတ်

ရန်လိုနေသည့် မြောက်ကိုရီးယား နှင့် ချက်ချင်း တုံ့ပြန်တတ်သည့် တောင်ကိုရီးယားတို့  ဒုံးကျည်များ အပြန်အလှန် ပစ်လွှတ်
နိုဝင်ဘာ 3, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံက တစ်ဘက်နှင့်တစ်ဘက် ကမ်းရိုးတန်းအနီး ပင်လယ်ရေပြင်ထဲသို့ ဒုံးကျည်များ အပြန်အလှန် ပစ်လွှတ်ခဲ့ကြပြီး ရန်လိုမှုများ တိုးလာသည့်လက္ခဏာ ထင်ရှားလာခဲ့သည်။ 

မြောက်ကိုရီးယားက တစ်ရက်အတွင်း ဒုံးကျည်အများဆုံး ပစ်လွှတ်မှုအဖြစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် ဒုံးကျည် (၂၃) စင်းထက်မနည်း ပစ်လွှတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ တောင်ကိုရီးယားနိုင်ငံ Sokcho မြို့မှ (၃၇) မိုင်အောက်သာ ဝေးကွာသော ကမ်းလွန်ပင်လယ်ပြင်တွင် ကျရောက်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားဘက်ကလည်း တုံ့ပြန်သည့် အနေဖြင့် စစ်လေယာဥ်များက ဝေဟင်မှမြေပြင်ပစ် ဒုံးကျည် (၃) စင်းကို အငြင်းပွား ရေကြောင်းနယ်နမိတ်မျဥ်းပေါ်တွင် ပစ်လွှတ်ခဲ့သည်။ 

နောက်ပိုင်းတွင် မြောက်ကိုရီးယားက ဒုံးကျည် (၆) စင်း ထပ်မံ ပစ်လွှတ်ခဲ့ပြီး အမြောက်ပစ်ခတ်မှု အကြိမ် (၁၀၀) ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

ဒုံးကျည်နှင့် အမြောက်များ ပစ်ခတ်မှုမှာ လက်ရှိ ပြုလုပ်နေသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောသည်။ 

ထိုစစ်ရေးလေ့ကျင့်မှုမှာ ရန်လိုမှုနှင့် တမင်ဆွပေးမှုဖြစ်ကြောင်းလည်း မြောက်ကိုရီးယားက ဆိုသည်။

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းရန်နှင့် ဆက်လက် လုပ်ဆောင်ပါက သမိုင်းတွင် ကြောက်စရာအကောင်းဆုံး ပေးဆပ်မှုကို ပေးဆပ်ရလိမ့်မည်ဟု နိုဝင်ဘာလ (၁) ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ 

ထိုခြိမ်းခြောက်မှုမှာ နျူကလီးယားလက်နက်များသုံးမည်ဟု ရည်ညွှန်းခြင်းဖြစ်ကြောင်း ယူဆရသည်။

တင်းမာမှုများ မြင့်တက်နေစဥ် မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုံးကျည်ပစ်လွှတ်မှုများ စံချိန်တင်အရေအတွက် လုပ်ဆောင်ခဲ့သည်။

 နိုဝင်ဘာလ (၂) ရက်နေ့တွင် မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းက တောင်ကိုရီးယားကမ်ရိုးတန်းအနီး ရေပြင်ထဲသို့ ကျရောက်ခဲ့မှုနှင့်အတူ အပြန်အလှန် ဒုံးကျည်ပစ်လွှတ်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုဒုံးကျည်ပစ်လွှတ်မှုကြောင့် တောင်ကိုရီးယားက ထိန်းချုပ်ထားသည့် Ulleung ကျွန်းပေါ်တွင် လေကြောင်းရန် အချက်ပေးဥဩသံများ ထုတ်လွှင့်ခဲ့ရပြီး ဒေသခံများကို မြေအောက်နေရာများသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ရသည်။ 

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်း တောင်ကိုရီးယားကမ်းလွန်တွင် ကျရောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

နိုဝင်ဘာလ (၃) ရက်နေ့တွင်လည်း မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် Intercontinental Ballistic Missile (ICBM)ဖြစ်နိုင်သည့် ဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည်များ ထပ်မံ ပစ်လွှတ်ခဲ့သေးသည်။

 

Source: BBC, Reuters

Photo: BBC, Yonhap,