ဂျပန်တောင်ပိုင်းတွင် တစ်နာရီ မိုင် ၁၀၀ ကျော်ပြင်းအားရှိသည့် အလွန်အန္တရာယ်ရှိ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်

ဂျပန်တောင်ပိုင်းတွင် တစ်နာရီ မိုင် ၁၀၀ ကျော်ပြင်းအားရှိသည့် အလွန်အန္တရာယ်ရှိ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်
စက်တင်ဘာ 19, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှုးကျွန်းတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့က တစ်နာရီ မိုင် (၁၀၀) ကျော်ပြင်းအားရှိ အလွန်အန္တရာယ်ရှိ တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်အခြေအနေကြောင့် ဂျပန်အာဏာပိုင်များက လူဦးရေ (၄)သန်းကျော်ကို ရွှေ့ပြောင်းခိုင်းထားရကြောင်း သိရသည်။

ဂျပန်မိုးလေဝသဌာနဖြစ်သည့်  Japan Meteorological Agency (JMA) က ကျူရှုးကျွန်းဒေသရှိ ကဂိုရှီးမားနှင့် မီယာဇာကီစီရင်စုများတွင် မုန်တိုင်းအန္တရာယ် အထူးသတိပေးချက် ထုတ်ပြန်ထားပြီး ယင်းမှာ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် အထူးသတိပေးချက် ထုတ်ပြန်မှုဖြစ်ကြောင်း သိရသည်။

ယခုမုန်တိုင်းမှာ ယခုနှစ် တိုင်ဖွန်းရာသီတွင် ဂျပန်ကို ဝင်ရောက်သည့် (၁၄) ခုမြောက်ဖြစ်ပြီး ကျူရှုးကျွန်းကို ချဥ်းကပ်လာစဥ် အားလျော့သွားသော်လည်း စံချိန်တင် မိုးသည်းထန်မှုနှင့် မြစ်ရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် စက်တင်ဘာလ (၁၈) ရက်နေ့မှ နောက် (၂၄) နာရီအတွင်း  ကျွန်းတောင်ပိုင်းတွင် မိုးရေချိန် (၁၆) လက်မနီးပါးနှင့် အလယ်ပိုင်း တိုကိုင်းဒေသတွင် မိုးရေချိန် (၁၂) လက်မအထိ ရွာသွန်းနိုင်ကြောင်း JMA က ခန့်မှန်းသည်။

ဂျပန်ကုန်းတွင်းပိုင်းကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်သည့် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တစ်နာရီလျှင် (၁၄၆) မိုင်အထိ အားကောင်းသည့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း JMA က အစောပိုင်းတွင် ခန့်မှန်းထားခြင်းဖြစ်သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်ကြောင့် ကျည်ဆန်ရထားဝန်ဆောင်မှုများ၊ ကူးတို့သင်္ဘောခရီးစဥ်များ၊ ရာနှင့်ချီသည့် လေယာဥ်ခရီးစဥ်များကို ဖျက်သိမ်းထားရသည်။

တိုင်ဖွန်းမုန်တိုင်းဝင်ရောက်သည့် ကျူရှုးကျွန်းမှာ ဂျပန်၏အဓိကကျွန်း (၄) ခုအနက် တောင်ပိုင်းစွန်းအကျဆုံးကျွန်းဖြစ်ပြီး လူဦးရေ (၁၃) သန်းရှိကြောင်း သိရသည်။

"မကြုံစဖူး မုန်တိုင်းအန္တရာယ်တွေ ရှိပါတယ်။ မြင့်မားတဲ့ လှိုင်းလုံးတွေ၊ မုန်တိုင်းဒီရေတွေနဲ့ စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်" ဟု ဂျပန်မိုးလေဝသဌာန၏ ခန့်မှန်းချက်ထုတ်ပြန်ရေးဌာန အကြီးအကဲ Ryuta Kurora က သတင်းထောက်များကို မုန်တိုင်းမဝင်မီ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ပြောကြားထားသည်။ 

လက်ရှိတွင် ဂျပန်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းရာသီဖြစ်ပြီး တစ်နှစ်လျှင် မုန်တိုင်းတိုက်ခတ်မှု အကြိမ် (၂၀) ခန့် ကြုံရလေ့ရှိသည့်အပြင် မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်စေသည့် မိုးသည်းထန်စွာရွာသွန်းမှုများ ပုံမှန်ကြုံရလေ့ရှိသည်။ 

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက မုန်တိုင်းများကို ပိုမိုအားကောင်းစေပြီး အပူလှိုင်းများ၊ မိုးခေါင်မှုများနှင့် ရုတ်တရက် ရေကြီးမှုများကဲ့သို့ ဆိုးရွားပြင်းထန်သည့် မိုးလေဝသအခြေအနေ အကြိမ်ရေစိပ်စိပ်နှင့် ပို၍ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

ယခုလအစောပိုင်းတွင် ဂျပန်နိုင်ငံကို တိုင်ဖွန်း Hinnamnor ဝင်ရောက်တိုက်ခတ်ခဲ့စဉ်ကလည်း ဒါဇင်နှင့်ချီသည့် လေကြောင်းခရီးစဥ်များ ဖျက်သိမ်းခဲ့ရပြီး စက်ရုံအချို့ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည့်အပြင် ဂျပန်ကိုမဝင်မီ တောင်ကိုရီးယားကို ဖြတ်သန်းတိုက်ခတ်ခဲစဉ်ကလည်း အနည်းဆုံး လူ (၁၀) ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။



Source: BBC, Reuters, CNA