အမေရိကန်သမ္မတက ယူကရိန်းကို အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် ကတိပြု

အမေရိကန်သမ္မတက ယူကရိန်းကို အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် ကတိပြု
အောက်တိုဘာ 12, 2022 | နိုင်ငံတကာသတင်း
By Tachileik News Agency

မြို့အများအပြားတွင် ရုရှား၏ဒုံးကျည်ဖြင့်တိုက်ခိုက်မှုခံနေရသည့် ယူကရိန်းနိုင်ငံကို အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီးကို အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကတိပြုလိုက်သည်။ 

ဘိုင်ဒန်က ဇာလန်းစကီးနှင့် ဖုန်းဆက်သွယ်ပြောကြားခဲ့ရာတွင် အမေရိကန်အထောက်အပံ့များ ဆက်လက် ပေးသွားမည်ကို အာမခံခဲ့ပြီး အရပ်သားပစ်မှတ်များအပေါ် ရုရှား၏ တိုက်ခိုက်မှုများအား ရှုတ်ချခဲ့သည်။ 

သမ္မတဘိုင်ဒန် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အပါအဝင် ယူကရိန်းအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် လိုအပ်သည့် အထောက်အပံ့များကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်

 ဟု အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

ယင်းအပြင် ရုရှားအနေဖြင့် ၎င်း၏ စစ်ရာဇဝတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ရုရှားတွင် တာဝန်ရှိပြီး အမေရိကန်နှင့် မဟာမိတ်များက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကာ ယူကရိန်းကို လုံခြုံရေး၊ စီးပွာရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးသွားမည်ဟုလည်း ဘိုင်ဒန်က ဇီလန်းစကီးကို ပြောခဲ့ကြောင်း သိရသည်။

ရုရှားက ယူကရိန်းကို ယခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အမေရိကန်က ဒေါ်လာ (၁၆.၈) ဘီလီယံ တန်ဖိုးရှိသည့် အမေရိကန် လုံခြုံရေးအကူအညီများ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည့်အပြင် ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားကို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယူကရိန်းသမ္မတ ဇာလန်းစကီးက G7 အုပ်စု နိုင်ငံများကို ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အရေးပေါ် ထောက်ပံ့ပေးရန် တောင်းဆိုသည်ဟု သိရသည်။

ရုရှားက ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်အပါအဝင် မြို့အများအပြားကို အောက်တိုဘာလ (၁၀) ရက် နံနက်ပိုင်း အသွားအလာများပြားချိန်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား (၁၉) ဦး သေဆုံးပြီး (၆၀) ခန့် ဒဏ်ရာရခဲ့ပြီး အဆိုပါတိုက်ခိုက်မှုမှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှား၏ အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်သည်။

ယင်းနောက် အောက်တိုဘာလ (၁၁) ရက်နေ့တွင်လည်း ရုရှားက ယူကရိန်းနိုင်ငံအတွင်း မြို့များနှင့် အခြေခံအဆောက်အအုံများကို ဒုတိယနေ့အဖြစ် လေကြောင်းမှ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ရုရှား၏ ဒုတိယနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့အလယ်ပိုင်း Dnipropetrovsk နယ်မြေတွင် ထိခိုက်ပျက်စီးမှုပမာဏများပြားသည့်အပြင် ယူကရိန်းအနောက်ပိုင်း Lviv နယ်မြေတွင်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၄) ခုကို ရုရှားဒုံးကျည်များ ထိမှန်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး ရေပေးဝေမှု ရပ်ဆိုင်းသွားခဲ့ကြောင်း Lviv မြို့တော်ဝန် Andriy Sadovyi က BBC သတင်းဌာနကို ပြောထားသည်။



Source: Reuters, BBC