လာအိုနိုင်ငံမှ ပြန်လာမည့် မြန်မာနိုင်ငံသားများကို  တာချီလိတ်၌ တစ်ကြိမ်လျှင် (၄၀၀)ဦးအထိ တိုး၍ လက်ခံပေးသွားမည် ဖြစ်သော်လည်း စရိတ်ကိုတော့  ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်း သတ်မှတ်

လာအိုနိုင်ငံမှ ပြန်လာမည့် မြန်မာနိုင်ငံသားများကို  တာချီလိတ်၌ တစ်ကြိမ်လျှင် (၄၀၀)ဦးအထိ တိုး၍ လက်ခံပေးသွားမည် ဖြစ်သော်လည်း စရိတ်ကိုတော့  ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်း သတ်မှတ်

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ နေရပ်ပြန်ရန် လပေါင်းများစွာ စောင့်ဆိုင်းနေသည့် ထောင်နှင့်ချီသော မြန်မာလုပ်သားများကို မြန်မာဘက်က တစ်ကြိမ်လျှင် (၂၀၀) ဦး လက်ခံနေရာမှ (၄၀၀) ဦးသို့ တိုးမြှင့်လက်ခံရန်နှင့် ကုန်ကျစရိတ်ကို နေရပ်ပြန်များ ကိုယ်တိုင်ကျခံစေရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့က နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းသဘောတူထားကြောင်း သိရသည်။

လှေခက ဘတ် (၁၀၀) ၊ ဆေးစစ်ခက ကျပ်(၁၀,၀၀၀) ၊ နောက် ဝမ်လုံး quarantine center ကို သွားတဲ့စရိတ်ကတော့ မတွက်တော့ဘူး။ ဝမ်လုံးမှာအနည်းဆုံး (၆) ရက် စားရိတ်ကတော့ ဘတ် (၆၀၀) ဖြစ်တယ်။ ဆေးစစ်အပြီးပေါ့နော။ အဲဒီမှာ Positive အဖြေထွက်ရင်တော့ (၁၁) ရက်လား (၁၄) ရက်လား ထပ်နေရမယ်။ သူတို့ပြောလိမ့်မယ်။ ကျွန်တော်တို့ အတိအကျမသိဘူး။ အဲဒီနေရတဲ့ရက်အလိုက် တစ်ရက်ကို ဘတ် (၁၀၀) ပေးရမယ်

ဟု လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာလုပ်သားများကို   ရခိုင်ရွာအုပ်ချုပ်ရေးမှူး ကိုမင်းက ယနေ့ အောက်တိုဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းတွင်  လူထုအား ပြန်လည်ရှင်းပြသည်။

ယင်းအပြင် လာအိုဘက် မိုင်းမောဆိပ်ကမ်းမှ တာချီလိတ်ဘက် ဝမ်ပုံဆိပ်ကမ်းသို့ သယ်လာမည့် ပစ္စည်းများ၏ တန်ဆာခနှင့် Quarantine Center မှ မိမိနေရပ်သို့ပြန်မည့်စရိတ်များကိုလည်း နေရပ်ပြန်များ ကိုယ်တိုင်ကျခံကြရမည်ဖြစ်ကြောင်း သိရသည်။

“ဒီအတိုင်းဆို အဆင်လည်းပြေတယ်။ အဆင်လည်း မပြေဘူးပြောရမယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်နိုင်တဲ့သူတွေတော့ မြန်မြန်ဟိုဘက်ရောက်သွားမှာ။ ပြန်ဖို့ (၆)လလောက် အလုပ်မရှိဘဲ စောင့်နေရတဲ့သူတွေကတော့ လမ်းစရိတ်မရှိတာနဲ့ကို မပြန်နိုင်ဖြစ်ကြအုံးမယ်။ အခုက စားစရာကိုမရှိလို့ ရှိတာထုတ်ရောင်းစားတာအပြင် အိမ်အမိုးသွပ်တောင် ခွာရောင်းစားနေကြရတယ်။”ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက Tachileik News Agency သို့ပြောသည်။

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း အခက်အခဲဖြစ်နေ၍ နေရပ်ပြန်လိုသည့် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများမှာ လပေါင်းများစွာ အလုပ်အကိုင်မရှိ စောင့်ဆိုင်းနေကြရဆဲဖြစ်ရာ မြန်မာဘက်မှ လူလွှဲပြောင်းလက်ခံခြင်းအား တစ်ကြိမ်လျှင် လူ (၂၀၀)မှ (၄၀၀) သို့ တိုးမြှင့်လက်ခံရန် အောက်တိုဘာလ (၁၁) ရက်နေ့တွင် မိုင်းမောဆိပ်ကမ်း၌ တွေ့ဆုံဆွေးနွေးမှုအတွင်း ကျောက်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှုးက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှုးကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဏာသိမ်းပြီးနောက်ပိုင်း နှောင့်နှေးနေသည့် နေရပ်ပြန်လက်ခံရေးကို လာအိုနေရပ်ပြန်များကို ဇူလိုင်လကုန်မှစ၍ လက်ရှိအချိန်ထိ (၁၂) ကြိမ်အတွင်း စုစုပေါင်း (၃,၂၈၀) ဦးကို လက်ခံရာတွင် COVID 19 (၂) ကြိမ်စစ်ဆေးခ၊ Quarantine နေထိုင်စဉ် စားစရိတ်၊ ကမ်းကူးခ လှေစရိတ်၊ နေရပ်ပြန်အတွက် သယ်ယူပို့ဆောင်စရိတ်များကို တာချီလိတ်ခရိုင် COVID 19 ကော်မတီ၏ရန်ပုံငွေ၊ မြို့ဘက်စုံ ဖွံ့ဖြိုးရေးကော်မတီ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ နောက်ထပ် ကုန်ကျစရိတ်များကျခံရန် အခက်အခဲရှိသည်ဟု  တာချီလိတ်ခရိုင်ဘက်က ဆွေးနွေးသည်ဟု သိရသည်။

ယနေ့ နှစ်ဖက်ဆွေးနွေးမှုအရ အောက်တိုဘာလ (၁၆) ရက်နေ့တွင် မိမိစရိတ်ဖြင့် ပြန်လာနိုင်သူ (၄၀၀) ဦးကို မြန်မာဘက်က လက်ခံမည်ဖြစ်ပြီး ကျန်အခက်အခဲရှိနေသူများအတွက် ထပ်မံညှိနှိုင်းမည်ဟု သိရသည်။

#TachileikNewsAgency