အသက်(၆၀)ကျော် ပြင်သစ်စပိုက်ဒါမန်းက  ၎င်း၏သားနှင့်အတူ ဘာစီလိုနာမြို့ရှိ မိုးမျှော်တိုက်ကို တွယ်တက်

ပြင်သစ် စပိုက်ဒါမန်း Robert နှင့် သားဖြစ်သူ  Julien တို့ တွယ်တက်နေကြစဉ်
ပြင်သစ် စပိုက်ဒါမန်း Robert နှင့် သားဖြစ်သူ Julien တို့ တွယ်တက်နေကြစဉ်
အသက်(၆၀)ကျော် ပြင်သစ်စပိုက်ဒါမန်းက  ၎င်း၏သားနှင့်အတူ ဘာစီလိုနာမြို့ရှိ မိုးမျှော်တိုက်ကို တွယ်တက်
အောက်တိုဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကမ္ဘာတဝန်းရှိ အထပ်မြင့် အဆောက်အအုံများကို မည်သည့် လုံခြုံရေး ကိရိယာမျှမပါဘဲ လက်ဗလာဖြင့် တွယ်တက်ပြမှုကြောင့် ပြင်သစ်စပိုက်ဒါမန်း (Spider-Man) ဟု လူသိများကြသည့် Alain Robert က စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ အမြင့်ဆုံး မိုးမျှော်တိုက်တစ်ခုကို အောက်တိုဘာလ (၁) ရက်နေ့တွင် တွယ်တက်ပြခဲ့သည်။ 

Robert က ပထမဆုံးအကြိမ်အဖြစ် ၎င်း၏သားဖြစ်သူနှင့်အတူ လုံခြုံရေး ကိရိယာမပါဘဲ မိုးမျှော်တိုက်အဆောက်အအုံကို တွယ်တက်ပြခဲ့ခြင်းလည်း ဖြစ်သည်။

"ဒီတစ်ကြိမ်က ထူးခြားပါတယ်။ ကျွန်တော့်သားက ဒီလို တွယ်တက်သူတစ်ယောက် မဟုတ်တော့ ကျွန်တော်တာဝန်ရှိတယ်လို့ ခံစားရတယ်" ဟု Robert က ဘာစီလိုနာမြို့ရှိ မိုးမျှော်တိုက်ကို တွယ်တက်ရန်ပြင်ဆင်နေစဥ် Reuters သတင်းဌာနကို ပြောသည်။ 

"သူက အသက် (၃၄) နှစ်အရွယ် လူကြီးတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ ကျွန်တော်က သူ့အဖေလေ" ဟု ပြင်သစ်စပိုက်ဒါမန်းက ဆိုသည်။

 

အသက် (၆၀) နှစ်အရွယ် Robert နှင့် ၎င်း၏သား Julien တို့က အမြင့် (၄၇၂) ပေရှိ Torre Glories မိုးမျှော်တိုက်ကို လုံခြုံရေးကိရိယာမသုံးဘဲ တွယ်တက်ခဲ့ကြရာ လာရောက်ကြည့်ရှုသူများနှင့် စပိန်ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့ကြသည်။ 

မှန်များဖြင့် ကာရံထားသည့် ထိုမိုးမျှောက်တိုက်ကို ဗိသုကာပညာရှင် Jean Nouvel က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ညပိုင်းအချိန် မီးရောင်စုံများဖြင့် လှပမှုကြောင့် ထင်ရှားကျော်ကြားသည်။

ပြင်သစ်စပိုက်ဒါမန်း Robert ၏သား Julien က "ကျွန်တော်အရမ်းစိတ်ဖိစီးနေတယ်။ ကျွန်တော့် ဘဝမှာ ဘယ်တုန်းကမှ ဒီလို အရမ်းမကြောက်ခဲ့ဖူးဘူး" ဟု မိုးမျှော်တိုက်ကို တွယ်တက်မှု မစတင်မီ Reuters ကို ဖွင့်ဟခဲ့သည်။ 

"ဘဝမှာ ကြောက်စရာကောင်းတဲ့ အရာတွေ လုပ်ဖူးတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ဘဝအတွက် တစ်ခါမှ ဒီလောက် မကြောက်ဖူးဘူး။ ကံကောင်းတာက ကျွန်တော့်ကို စကားပြောပေးမယ့် လမ်းညွှန်ပေးမယ့် ကျွန်တော့်အဖေရှိနေတာပဲ" ဟု Julien က ပြောသည်။

ပြင်သစ်စပိုက်ဒါမန်း Robert တို့ သားအဖက Torre Glories မိုးမျှော်တိုက်ကို တစ်နာရီမပြည့်မီအတွင်း ထိပ်ဆုံးရောက်အောင် တွယ်တက်ခဲ့ကြပြီး ထိပ်ဆုံးအရောက်တွင် ရဲတပ်ဖွဲ့က အသင့်စောင့်ဆိုင်းနေပြီး တိုက်အောက်ကို ပြန်ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရသည်။ 

စစ်တပ်တွင် (၈) နှစ်ကြာ စစ်မှုထမ်းခဲ့သူ Julien က စိတ်အားထက်သန်သည့် အားကစားသမားတစ်ဦးဖြစ်ပြီး မိုးမျှော်တိုက်ကို တွယ်တက်ရန် ဖခင်ဖြစ်သူ၏ ယခင်က မိုးမျှော်တိုက်တွယ်တက်ခဲ့သော ဗီဒီယိုများကို ကြည့်ရှုကာ ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။

၎င်း၏ဖခင် Robert မှာ ၁၉၇၅ ခုနှစ်တွင် တွယ်တက်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်းနှင့် ပြင်သစ်တောင်ပိုင်းရှိ ၎င်း၏ဇာတိမြို့ Valence မြို့အနီး တောင်စောင်းများတွင် လေ့ကျင့်ခဲ့ကြောင်း သိရသည်။ 

၎င်းက ၁၉၇၇ ခုနှစ်တွင် တစ်ဦးတည်း တွယ်တက်မှုလုပ်ခဲ့ပြီး ဒူဘိုင်းမြို့ရှိ ကမ္ဘာ့အမြင့်ဆုံး Burj Khalifa ၊ ပါရီမြို့ရှိ Eiffel Tower နှင့် ဆန်ဖရန်စစ္စကိုမြို့ရှိ Golden Gate တံတား အပါအဝင် မိုးမျှော်တိုက်အဆောက်အအုံနှင့် မြင့်မားသည့်နေရာ (၁၅၀) ကို တွယ်တက်ခဲ့ပြီး ဖြစ်သည်။

ပြင်သစ်စပိုက်ဒါမန်းက ၎င်း၏အသက် (၆၀) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပါရီမြို့ရှိ အထပ် (၄၈) ထပ်ပါ မိုးမျှော်တိုက်ကို စက်တင်ဘာလ (၁၇) ရက်နေ့တွင် မည်သည့် လုံခြုံရေးကိရိယာမျှမပါဘဲ လက်ဗလာဖြင့် တွယ်တက်ခဲ့သေးသည်။ 

"အသက် (၆၀) ပြည့်သွားတာက ဘာမှမဟုတ်ဘူးဆိုတာ လူတွေကို မက်ဆေ့ချ်ပေးချင်တာပါ။ အားကစားလုပ်နိုင်သေးတယ်။ တက်တက်ကြွကြွနေနိုင်သေးတယ်။ အံ့ဩစရာတွေ လုပ်နိုင်တယ်ဆိုတာပေါ့" ဟု Alain Robert က Reuters သတင်းဌာနကို ပြောသည်။ 

Robert မှာ ယခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် အသက် (၆၀) ပြည့်ခဲ့ကြောင်း သိရသည်။

Source: Reuters