COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer ကုမ္ပဏီ၏ အကြီးအကဲ COVID-19 ဒုတိယအကြိမ် ကူးစက်ခံရ

COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer ကုမ္ပဏီ၏ အကြီးအကဲ COVID-19 ဒုတိယအကြိမ် ကူးစက်ခံရ
စက်တင်ဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်(CEO) Albert Bourla ဒုတိယအကြိမ် ကပ်ရောဂါကူးစက်ခံခဲ့ရကြောင်း စက်တင်ဘာလ (၂၄) ရက်နေ့က ထုတ်ဖော်ပြောသည်။ 

"ကျွန်တော်နေကောင်းပြီးတော့ ရောဂါလက္ခဏာ မရှိပါဘူး" ဟု Bourla က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အသက် (၆၀) နှစ်အရွယ် Bourla မှာ ဩဂုတ်လအတွင်း ကူးစက်ခံခဲ့ရကြောင်းနှင့် ၎င်းကို Pfizer ကုမ္ပဏီထုတ် COVID-19 ဗိုင်းရပ်စ်သတ် သောက်ဆေးဖြစ်သည့် Paxlovid ဖြင့် စတင်ကုသခဲ့ကြောင်း သိရသည်။

Paxlovid မှာ ဗိုင်းရပ်စ်သတ်ဆေးဖြစ်ပြီး အသက်အရွယ်ကြီးသည့် COVID-19 လူနာများကဲ့သို့ အန္တရာယ်မြင့်မားသူများကို ကုသရာတွင် အသုံးပြုရန်ဖြစ်သည်။ 

Bourla က ၎င်း၏ကုမ္ပဏီ Pfizer နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သည့် ဂျာမနီအခြေစိုက် BioNTech ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေးကို (၄) ကြိမ်ထိုးထားပြီဖြစ်ကြောင်းလည်း သိရသည်။

Pfizer ကုမ္ပဏီ အကြီးအကဲက အသစ်ထုတ်လုပ်ထားသည့် bivalent booster ကာကွယ်ဆေးကိုမူ မထိုးရသေးဟု ဆိုသည်။ 

အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna နှင့် Pfizer နှင့် BioNTech ၏ အဖွဲ့တို့ ပူးပေါင်းထုတ်လုပ်ထားသည့် bivalent ခေါ် ကာကွယ်ဆေးအသစ်က အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ၏ ထပ်ဆင့်မျိုးကွဲများဖြစ်‌သော BA.5 နှင့် BA.4 တို့ကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ 

နောက်ဆုံးအချက်အလက်များအရ အမေရိကန်နိုင်ငံ၏ ကူးစက်မှုများတွင် အဆိုပါ ထပ်ဆင့်မျိုးကွဲ ဗိုင်းရပ်စ် (၂) မျိုးကို (၈၄.၈) ရာခိုင်နှုန်းနှင့် (၁.၈) ရာခိုင်နှုန်း အသီးသီး တွေ့ရသည်။

"ကျွန်တော်က bivalent booster အသစ်ကို မထိုးရသေးဘူး။ ကျွန်တော်အရင်က ဩဂုတ်လလယ်မှာ COVID-19 ကူးစက်ခံခဲ့ရတာဆိုတော့ CDC ညွှန်ကြားချက်အတိုင်း (၃) လပြည့်အောင် စောင့်သွားမှာပါ" ဟု Pfizer အကြီးအကဲက ပြောသည်။ 

BA.5 နှင့် BA.4 ကို ပစ်မှတ်ထားသည့် Pfizer နှင့် Moderna ၏ နောက်ဆုံးထုတ် booster ဆေးကို အမေရိကန် FDA က ဩဂုတ်လအတွင်း တရားဝင်ခွင့်ပြုချက်ပေးခဲ့သည်။ 

အမေရိကန်ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း bivalent ခေါ် booster ဆေး (၂၅) သန်းကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Source: Reuters