အာဖဂန်တွင် ငလျင်လှုပ်မှုကြောင့် အနည်းဆုံး လူ (၁၀၀၀)ကျော် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ

အာဖဂန်တွင် ငလျင်လှုပ်မှုကြောင့် အနည်းဆုံး လူ (၁၀၀၀)ကျော် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ
By Mr John

 အာဖဂန်နစ္စတန်နိုင်ငံတွင် အင်အားပြင်းထန်သည့် ငလျင်တစ်ခု ဇွန်လ (၂၂) ရက်နေ့က လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ (၁၀၀၀)ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောသည်။ 

အာဖဂန်အရှေ့ပိုင်း Paktika ပြည်နယ်တွင် မြေပြိုကျမှုများနှင့် နေအိမ်များ ပျက်စီးနေသည့် သတင်းဓာတ်ပုံများကို တွေ့ရပြီး ကယ်ဆယ်ရေးသမားများက ဒဏ်ရာရသူများကို ကြိုးပမ်းနေကြသည်။ 

အစွန်အဖျားဒေသမှ ဒဏ်ရာရသူများကို ရဟတ်ယာဥ်များဖြင့် ဆေးရုံသို့ ပို့ဆောင်နေခဲ့ကြောင်းလည်း သိရသည်။

ငလျင်ကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ကြောင်းနှင့် ဒဏ်ရာရသူ (၆၀၀) ကျော်ရှိကြောင်း ပြည်တွင်းသတင်းဌာန Bakhtar News Anency က ပြောသည်။ 

ငလျင်လှုပ်မှုမှာ အာဖဂန်အရှေ့တောင်ပိုင်း Khost မြို့မှ (၂၇) မိုင်အကွာတွင် ဇွန်လ (၂၂) ရက် ဒေသစံတော်ချိန် နံနက် (၁) နာရီခွဲကျော်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ငလျင်မှာ အင်အား (၆.၁) အဆင့်ဖြစ်ပြီး မြေအောက်အနက် (၆.၂) မိုင်တွင် လှုပ်ခတ်ခဲ့ကြောင်း United States Geological Survey (USGS) က ဖော်ပြသည်။

"Paktika ပြည်နယ်ထဲက ခရိုင် (၄) ခုမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံသူနိုင်ငံသား ရာနဲ့ချီ သေဆုံးဒဏ်ရာရခဲ့ပြီး နေအိမ်အလုံးရေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့ပါတယ်" ဟု အာဖဂန်အစိုးရ ပြောခွင့်ရအမျိုးသား Bilal Karimi က Twitter တွင် ပြောခဲ့သည်။ 

"နောက်ထပ် ဘေးသင့်မှု တားဆီးကာကွယ်ဖို့ ငလျင်ဒဏ်ခံရတဲ့ ဒေသကို အဖွဲ့တွေ ချက်ချင်း စေလွှတ်ကြဖို့ အကူအညီပေးရေးအေဂျင်စီ အားလုံးကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်" ဟုလည်း ၎င်းကဆိုသည်။

နိုင်ငံအရှေ့ပိုင်း ငလျင်ဒဏ်သင့် နယ်မြေဒေသသို့ အလျင်အမြန် သွားရောက်ကြရန် တာလီဘန်အစိုးရ တာဝန်ရှိသူတွေက အကူအညီပေးရေး အေဂျင်စီများကို ပြောကြားခဲ့ကြောင်း သိရသည်။ 

ငလျင်ကြောင့် သေဆုံးဒဏ်ရာရသူ အများစုမှာ Paktika ပြည်နယ် Gayan နှင့် Barmal ခရိုင်တို့မှဖြစ်ကြောင်း ဒေသခံ ဆရာဝန်တစ်ဦးက BBC သတင်းဌာနကို ပြောသည်။ 

ငလျင်ကြောင့် Gayan ခရိုင်တွင် ကျေးရွာတစ်ရွာလုံး ပျက်စီးသွားခဲ့ကြောင်း ပြည်တွင်းသတင်းဌာန Etilaat-e Roz က ဆိုသည်။

ငလျင်လှုပ်မှုကို အာဖဂန်၊ ပါကစ္စတန်နှင့် အိန္ဒိယတို့၏ မိုင် (၃၁၀) ကျော်ရှိ နေရာများတစ်လျှောက် သိရှိခံစားခဲ့ကြရကြောင်း European Mediterranean Seismological Centre ၏ ပြောကြားမှုကို Reuters သတင်းက ကိုးကားဖော်ပြသည်။

 အာဖဂန်မြို့တော် ကဘူးလ်မြို့နှင့် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ခံစားသိရှိခဲ့ကြရသည်။ 

သို့သော် ကဘူးလ်နှင့် အစ္စလာမ်မာဘတ်တွင် ငလျင်ကြောင့် သေဆုံးဒဏ်ရာရသည့် သတင်းများ ချက်ချင်း မကြားသိရသေးကြောင်းနှင့် ထိခိုက်ပျက်စီးမှု အနည်းငယ်မျှသာရှိခဲ့ကြောင်း BBC Urdu က ပြောသည်။

ကျေးလက်ဒေသ အများအပြားရှိပြီး ထိုဒေသများတွင် နေအိမ်များ ခိုင်ခံ့မှုမရှိခြင်း နှင့် တည်ဆောက်မှုစနစ် အားနည်းခြင်းတို့ကြောင့် အာဖဂန်တွင် ငလျင်ကြောင့် သိသိသာသာ သေဆုံးဒဏ်ရာရမှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လေ့ရှိသည်။ 

အာဖဂန်တွင် လွန်ခဲ့သည့် (၁၀) နှစ်အတွင်း ငလျင်လှုပ်မှုများကြောင့် လူ (၇,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အချက်အလက်များအရ သိရှိရသည်။ အာဖဂန်တွင် ငလျင်ကြောင့် တစ်နှစ်လျှင် ပျမ်းမျှ သေဆုံးသူ (၅၆၀) ရှိနေသည်။

Source: BBC, CNN