လာအိုနိုင်ငံဘက်ကနေ ပြည်တော်ပြန်မည့်သူများကို တာချီလိတ်ဘက်က လက်ခံရန် နှောင့်နှေးနေ၍ ဒုက္ခရောက်နေ

လာအိုနိုင်ငံဘက်ကနေ ပြည်တော်ပြန်မည့်သူများကို တာချီလိတ်ဘက်က လက်ခံရန် နှောင့်နှေးနေ၍ ဒုက္ခရောက်နေ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင် ရှားပါးလာ၍ နေရပ်ပြန်ရန် စာရင်းပေးထားသူများမှာ မြန်မာဘက်က  လက်ခံရန် စောင့်ဆိုင်းနေရသည့်ကာလ နှစ်လအကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့အထိ နေရပ်ပြန်ခွင့်မရသေး၍ စားသောက်နေထိုင်ရေး အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

"လာအိုရောက်နေတဲ့မြန်မာတွေ ပြည်တော်ပြန်ဖို့စောင့်နေတာ နှစ်လရှိပါပြီ။ အလုပ်မရှိ၊ နေစရာ စားစရာမရှိ ငတ်နေကြပြီ။ အမြန်ခေါ်ဖို့ တောင်းဆိုပါတယ်။ သတ်သေဖို့အထိတောင် ဖြစ်နေကြပြီ။ အရင်က ပြည်တော်ပြန်ဖို့ တစ်ပတ်လောက်ပဲကြာတယ်။ အခုက နှစ်လရှိနေပြီ။ စာရင်းကောက်ပြီး ပြန်မပို့တာ။ ပြန်မယ့်လူတွေက ဒီမှာ စားစရာ၊ နေစရာ၊ အလုပ်မရှိလို့ ပြန်ကြတာ။ အခုငတ်နေကြပြီ။ "ဟု နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူတစ်ဦးက Tachileik News Agency သို့  ပြောသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အလုပ်အကိုင် အဆင်မပြေ၍ နေရပ်ပြန်လိုသည့်မြန်မာများကို  ယခင်က နှစ်နိုင်ငံ ခရိုင်အဆင့်တာဝန်ရှိသူများက ပြည်တော်ပြန်စာရင်းကို စိစစ်၍ သက်ဆိုင်ရာဌာနများသို့ တင်ပြကာ နေရပ်ပြန် လက်ခံနေခဲ့ရာမှ အာဏာသိမ်းစစ်ကောင်စီက လွန်ခဲ့သည့် နှစ်လမှစ၍ နေရပ်ပြန်များအား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနချင်း ချိတ်ဆက်အတည်ပြုခြင်းလုပ်ရမည်ဟု ပြောင်းလဲညွှန်ကြားလိုက်သဖြင့် နေရပ်ပြန်လက်ခံရေးမှာ နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ကြောင်း သိရသည်။

"သံရုံးတင်ရလို့ ကြာတယ်လို့ပြောတယ်။ အရင်လကတော့ မြန်မာဘက်ကမ်းကို စာရင်းရောက်ပြီ မကြာတော့ဘူးပြောတယ်။ စစ်နေတာ နှစ်လရှိပြီ။ အားလုံးက သူများဆီမှာ ကပ်နေကြရတာ။ လူ (၆၀၀) အခုပြန်မှာက နောက်ထပ်လည်း အများကြီးရှိတယ်။ တသုတ်ပြီး တသုတ်ပြန်ကြဖို့ စောင့်နေကြတာ။ "ဟု နေရပ်ပြန်ရန်စောင့်ဆိုင်းနေသည့် မြန်မာတစ်ဦးက ပြောသည်။

"ပြည်တော်ပြန်အကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောလာတာက ပြည်တော်ပြန်နာမည်စာရင်း မြန်မာဘက်ကမ်း လဝက စစ်ဆေးနေပါသည်။ မြန်မာသူ/သား ဟုတ် မဟုတ်ပေါ့။ ဒီတစ်သုတ် ပြည်တော်ပြန် နောက်ထပ်တစ်ပတ် နှစ်ပတ်လောက် ထပ်စောင့်ရအုံးမယ်နော်"ဟု လာအိုရွှေတြိဂံဇုန်ဘက်မှ မြန်မာနေရပ်ပြန်များအတွက် စီစဉ်ပေးနေသူက ဩဂုတ်လ (၁၀)ရက်နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်ကို တွေ့ရသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ပြီးစီးလုနီးပါးဖြစ်လာ၍ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာနေသည်ဟု သိရသည်။

"ခုလိုခေတ်ကာလမှာ အလုပ်ရှိရင်တော့ ဘယ်သူက ပြန်ချင်မှာလဲ။ ဆောက်လုပ်ရေးတွေ နားကြတော့ အလုပ်မရကြဘူး။ တချို့ဆို (၅)လ၊ (၆)လ အလုပ်မရှိလို့ ထိုင်စားနေရတာလေ။ အလုပ်ရမလား မျှော်ရင်းစောင့်နေကြတာ။ အလုပ်က စားသောက်ဆိုင်၊ ဟိုတယ်လောက်ပဲရှိတာ။ အဲဒါကလည်း အခု လူမခေါ်ဘူး။ ဆောက်လုပ်ရေးက ၈၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီဆိုတော့ ရပ်နေတဲ့ သဘောရှိတယ်။ လူတွေဖြုတ်တာပဲများတယ်။ လူသစ်မခေါ်တော့ဘူး။ "ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လာအိုဘက်ရောက်နေပြီး လပေါင်းများစွာ အလုပ်အကိုင်ရှာမရဘဲဖြစ်နေကြချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရန် တရားမဝင် ခိုးကူးလမ်းမှ စွန့်စားကာရောက်လာသူများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

"တစ်ချို့ဆို အခုထိ ပွဲစားနဲ့လာနေကြတုန်း။ ပိုက်ဆံတွေကုန် အလုပ်မရဘဲ အိမ်ကနေ ပြန်တောင်းရတဲ့ဘဝတွေဖြစ်နေတာ။ စဉ်းစားကြည့်ပေါ့ ဘယ်လောက်ခက်ခဲပြီး ပြန်ချင်မယ်ဆိုတာ။ စားစရာက တစ်ခါတစ်လေ အလှုရှင်ရှိရင် ဝေတယ်။ အဲဒါကလည်း နောက်ရက် စားစရာမရှိတော့ဘူးလေ။ နေရပ်ပြန်တွေကို လာအိုဘက်က ဖွင့်ပေးတယ်။ မြန်မာဘက်က ဘာလို့ ပြန်မခေါ်တာလဲ မသိဘူး။"ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။



လက်ရှိတွင် ရာပေါင်းများစွာသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် နေရပ်ပြန်ခွင့်ရရေးကို အလုပ်အကိုင်မရှိဘဲ လပေါင်းများစွာ စောင့်ဆိုင်းနေကြရခြင်းဖြစ်ရာ နီးစပ်ရာခိုကပ်နေထိုင်နေကြရပြီး စားစရိတ်အတွက်ပင် အခက်အခဲဖြစ်နေကြသူ အများအပြားရှိနေကြကြောင်း သိရသည်။