နာမည်ကြီး တရုတ်မင်းသား လီယီဖန်း ပြည့်တန်ဆာမှုဖြင့် အဖမ်းခံရ

နာမည်ကြီး တရုတ်မင်းသား လီယီဖန်း ပြည့်တန်ဆာမှုဖြင့် အဖမ်းခံရ
စက်တင်ဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

 နာမည်ကြီး တရုတ်မင်းသား လီယီဖန်း ပြည့်တန်ဆာမှုဖြင့် အဖမ်းခံရ

တရုတ်နိုင်ငံ၏ နာမည်အကြီးဆုံး သရုပ်ဆောင်ကြယ်ပွင့်များ အနက်မှ တစ်ဦးဖြစ်သူ မင်းသားလီယီဖန်း (Li Yifeng) ကို ပြည့်တန်ဆာမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။ 

အသက် (၃၅) နှစ်အရွယ် မင်းသားလီယီဖန်းကို မကြာသေးမီက ဘေဂျင်းမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ဆိုသည်။

မင်းသားလီယီဖန်းမှာ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်းအဖြစ် သရုပ်ဆောင်ခဲ့ပြီး တရုတ်ရဲတပ်ဖွဲ့နေ့ ဗီဒီယိုတွင်လည်း နိုင်ငံတော်လုံခြုံရေး သံတမန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။ 

၎င်းကို ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက စက်တင်ဘာလ (၁၁) ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

မင်းသားလီယီဖန်း ပြည့်တန်ဆာမှုဖြင့် အဖမ်းခံရသည့်အကြောင်းမှာ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo တွင် လူပြောများခဲ့ပြီး “Li Yifeng Detained for Visiting Prostitutes” ဆိုသည့် hashtag ဖြင့် ပြောဆိုထားမှုကို ထိုနေ့က ကြည့်ရှုမှုအကြိမ်ရေ (၂) ဘီလီယံနီးပါးရှိခဲ့သည်။ 

ထို့အတူ “Beijing Police Informs that Li Yifeng Solicited Prostitutes” ဆိုသည့် hashtag ကို ကြည့်ရှုမှု (၃) ဘီလီယံအထိရှိခဲ့ကြောင်း သိရသည်။

ထိုသတင်း ထွက်ပေါ်လာခဲ့ပြီးနောက် မင်းသားလီယီဖန်းကို အမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်ထားသည့် လုပ်ငန်းများက ၎င်းနှင့် ဆက်လက် အလုပ် လုပ်ကိုင်တော့မည် မဟုတ်ကြောင်း ကြေညာလာခဲ့ကြသည်။ 

တရုတ်နိုင်ငံမှ Lukfook Jewellery, Mengniu Dairy, Honma Golf, Panerai, Prada, Sensodyne, King To Nin Jiom နှင့် အခြား အမှတ်တံဆိပ်များက မင်းသားလီယီဖန်းနှင့် စာချုပ်ဖျက်သိမ်းလိုက်ကြောင်း အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။

အိမ်နာမည် အီဗန်လီ (Evan Li) ဟုလည်း သိထားကြသည့် လီယီဖန်းမှာ တရုတ်နိုင်ငံတွင် အလွန်ကျော်ကြားသည့် မင်းသားတစ်လက်ဖြစ်ပြီး Twitter ကဲ့သို့ တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် follower သန်း (၆၀) ရှိထားသည်။ 

၎င်းက ၂၀၀၇ ခုနှစ်တွင် My Hero တီဗီရှိုးတွင် ပါဝင်ခဲ့ပြီး လူသိများခဲ့သည်။ 

နောက်ပိုင်းတွင် အဆိုတော်လုပ်ခဲ့ပြီး အောင်မြင်သည့် မင်းသားတစ်လက် ဖြစ်လာခဲ့သည်။

မင်းသားလီယီဖန်းက တရုတ်တီဗီဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ 

၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီအကြောင်း ပုံဖော်ရိုက်ကူးထားသည့် The Pioneer ဇာတ်ကားတွင် ဥက္ကဌကြီးမော်ဟု ခေါ်ဝေါ်ကြသည့် မော်စီတုန်းအဖြစ် မင်းသားလီယီဖန်းက သရုပ်ဆောင်ထားသည်။

မင်းသားလီယီဖန်းကို ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက မဖော်ြပမီ စက်တင်ဘာလ (၁၀) ရက် ညပိုင်း CCTV သတင်းဌာနမှ ထုတ်လွှင့်သွားမည့် Mid-Autumn Festival Gala ကို တက်ရောက်လာမည့် အောင်မြင်ကျော်ကြားသူများစာရင်းမှ ၎င်း၏အမည်ကို ဖယ်ရှားထားခဲ့ကြောင်းလည်း သိရသည်။

Source: WhatsOnWeibo, BBC