ဂျပန်ဝန်ကြီးချုပ်ကို မီးခိုးဗုံးပစ်ခဲ့သူက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အစိုးရကို တရားစွဲခဲ့သူ ဖြစ်နေ

ဂျပန်ဝန်ကြီးချုပ်ကို မီးခိုးဗုံးပစ်ခဲ့သူက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အစိုးရကို တရားစွဲခဲ့သူ ဖြစ်နေ
By Mr John

ဂျပန်နိုင်ငံ အနောက်ပိုင်း ဝါကာယာမာမြို့တွင် ဧပြီလ (၁၅) ရက်နေ့က ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမိန့်ခွန်း ပြောကြားနေစဥ် ဝန်ကြီးချုပ်ကို ဦးတည်၍ မီးခိုးဗုံးပစ်ခဲ့သည့် အမျိုးသားမှာ အစိုးရထံမှ နစ်နာကြေးရလိုကြောင်း တရားစွဲ  ခဲ့ဖူးသူဖြစ်ကြောင်း ဂျပန်မီဒီယာက ဧပြီလ (၁၈) ရက်နေ့တွင် သတင်းဖော်ပြထားသည်။ 

အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဥ်ပြိုင်ခြင်းကို မတရားသဖြင့် ပိတ်ပင်ခံရ၍ Ryuji Kimura က Kobe ခရိုင် တရားရုံးတွင် အစိုးရကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။ 

၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့တွင် ကျင်းပခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် စီစဥ်ခဲ့သော်လည်း ၎င်း၏အသက်နှင့် အာမခံ အပ်နှံငွေ ယန်း (၃) သန်း (အမေရိကန်ဒေါ်လာ ၂၂, ၃၃၉) ကို မပေးနိုင်ခဲ့ခြင်းကြောင့် နစ်နာခဲ့ရကြောင်း Kimura က တရားရုံးတွင် တင်ပြခဲ့သည်ဟု Yomiuri သတင်းစာနှင့် အခြား ဂျပန်သတင်းဌာနများက ထိုအမှုမှတ်တမ်းကို ကိုးကား၍ ဖော်ပြကြသည်။

တရားစွဲဆိုမှုတွင် Kimura က ရွေးကောက်ပွဲ ဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ထားကြောင်း ပြောထားသည်။ 

တရားရုံးက ထိုစဥ်က ၎င်း၏ တရားစွဲဆိုမှုကို ပလပ်ခဲ့ကြောင်းနှင့် အသက် (၂၄) နှစ်အရွယ် Kimura က ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုအတွက် အစိုးရထံမှ ယန် (၁၀၀,၀၀၀) နစ်နာကြေးတောင်းခဲ့ကြောင်း သိရသည်။

ဂျပန်အာဏာပိုင်များက Kimura ကို ဧပြီလ (၁၅) ရက်နေ့တွင် ဝန်ကြီးချုပ်ကီရှီဒါကို မီးခိုးဗုံးပစ်ခဲ့သည့် အခင်းဖြစ်နေရာ၌ပင် ဖမ်းဆီးခဲ့ပြီးနောက် Hyogo စီရင်စု Kawanishi မြို့ရှိ ၎င်း၏နေအိမ်ကို ရှာဖွေခဲ့ကြသည်။ 

ဧပြီလ (၁၅) ရက်နေ့ ဖြစ်ရပ်နှင့် ပတ်သက်၍ ဧပြီလ (၁၈) ရက်နေ့အထိ Kimura ကို တရားဝင် စွဲချက်မတင်ရသေးဟု ဆိုသည်။



Source: Reuters

Photo: Kyodo, Bulletin Lette