ဗီယက်နမ်တွင် ကွန်မြူနစ်အစိုးရအရာရှိကို လှောင်ပြောင်သည်ဆိုသည့် ခေါက်ဆွဲရောင်းသူ အဖမ်းခံရ

နာမည်ကြီး ခေါက်ဆွဲရောင်းသူတစ်ဦး လှော်ပြောင်ထားသည့် ဗီဒီယိုထဲက ပုံ နှင့် နှိုင်းယှဉ်ပြထားစဉ်
နာမည်ကြီး ခေါက်ဆွဲရောင်းသူတစ်ဦး လှော်ပြောင်ထားသည့် ဗီဒီယိုထဲက ပုံ နှင့် နှိုင်းယှဉ်ပြထားစဉ်
ဗီယက်နမ်တွင် ကွန်မြူနစ်အစိုးရအရာရှိကို လှောင်ပြောင်သည်ဆိုသည့် ခေါက်ဆွဲရောင်းသူ အဖမ်းခံရ
စက်တင်ဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဗီယက်နမ်နိုင်ငံတွင် အစိုးရထိပ်တန်းအရာရှိကို လှောင်ပြောင်သရော်ထားသည်ဟု ရှုမြင်ကြသည့် ပျံ့နှံ့နေခဲ့သော ဗီဒီယိုတစ်ခုနှင့် ပတ်သက်၍ နာမည်ကြီး ခေါက်ဆွဲရောင်းသူတစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ယခုဖြစ်ရပ်မှာ နိုင်ငံ၏ ကွန်မြူနစ်အုပ်ချုပ်သူများအား ဝေဖန်မှုအပေါ် နှိပ်ကွပ်ဖြိုခွင်းနေမှုများအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်လာသည်။

Danang မြို့တွင် အမဲသားခေါက်ဆွဲဆိုင် ဖွင့်လှစ်ရောင်းချနေသည့် အသက် (၃၈) နှစ်အရွယ် Bui Tuan Lam ကို နိုင်ငံတော်ဆန့်ကျင့်ရေး ဝါဒဖြန့်အကြောင်းအရာ အွန်လိုင်းတွင်တင်ခဲ့ကြောင်း စွပ်စွဲထားပြီး ထိုလုပ်ရပ်က အာဏာရပါတီ၏ လမ်းညွှန်ချက်နှင့်မူဝါဒများကို ပုံဖျက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာလ (၇) ရက် နှောင်းပိုင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

၂၀၂၁ ခုနှစ်အတွင်းက ဗီယက်နမ်၏ ဩဇာကြီးမားသည့် ပြည်သူ့လုံခြုံရေးဝန်ကြီး Tô Lâm က နာမည်ကြီး တူရကီစာဖိုးမှူး Nusret Gökçe သို့မဟုတ် "Salt Bae" ၏ လန်ဒန်စားသောက်ဆိုင်တွင် ရွှေမှုန်ဖြူးထားသည့် အမဲသားကင်စားနေသည့် မှတ်တမ်းထွက်ပေါ်လာပြီးနောက် ရက်ပိုင်းအကြာ၌ Bui Tuan Lam ကို တူရကီစားဖိုးမှူးကဲ့သို့ သရုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဗီဒီယိုရိုက်ခဲ့မှုအတွက် ရဲတပ်ဖွဲ့က ၎င်းကို ဆင့်ခေါ်ခဲ့သေးကြောင်း သိရသည်။

 ပြည်သူ့လုံခြုံရေးဝန်ကြီး Tô Lâm အမဲသားစားနေပုံ

"Bui Tuan Lam က အရပ်ဘက်အဖွဲ့အစည်း အများအပြားထဲက အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေက အမှန်တကယ်တော့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့အုပ်စုတွေ ဖြစ်ပါတယ်" ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်က ဆိုသည်။ 

နိုင်ငံ့ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို စော်ကားထားသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အာဏာပိုင်များက Lam ကို အကြိမ်ကြိမ် သတိပေးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်က ဖြည့်စွက်ပြောသည်။

၂၀၂၁ ခုနှစ်တွင် ရဲတပ်ဖွဲ့ ဆင့်ခေါ်ခံရစဥ်က ရွှေမှုန်ဖြူး အမဲသားနှင့် ပတ်သက်၍ ဝန်ကြီးကို လှောင်ပြောင်ခဲ့ခြင်း မဟုတ်ကြောင်း Lam က ငြင်းဆိုခဲ့သည်။ 

ရွှေမှုန်ဖြူးထားသည့် ထိုဟင်းပွဲတစ်ပွဲကို အမေရိကန်ဒေါ်လာ (၂,၀၀၀) အထိ ‌ဈေးနှုန်းဖြင့် ရောင်းချကြောင်းလည်း သိရသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ CNN သတင်းဌာနက Lam ၏ ဖုန်းကို စက်တင်ဘာလ (၈) ရက်နေ့က ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိဟု ဆိုသည်။

အများပြည်သူကြား အင်တာနက်အသုံးပြုမှု မြင့်တက်လာပြီး အစိုးရက ထိန်းချုပ်ထားသည့် မီဒီယာများအစား ဘလော့ဂ်များကို ဖတ်ရှုမှုပိုများလာခဲ့ရာ အွန်လိုင်းပေါ်တွင် သဘောထားကွဲလွဲ ဆန့်ကျင်သူများကို ထိန်းချုပ်ရန် တင်းကျပ်ပြင်းထန်သည့် လုပ်ဆောင်မှုများကြောင့် ဗီယက်နမ်အစိုးရကို ဝေဖန်မှုများရှိနေသည်။ 

ဗီယက်နမ်ရဲတပ်ဖွဲ့အနေဖြင့် ခေါက်ဆွဲရောင်းသူ Lam ကို ချက်ချင်းလွှတ်ပေးသင့်ကြောင်းနှင့် ၎င်းတို့၏ သဘောထားအမြင်ကို ထုတ်ဖော်ပြမှုအတွက် လူများကို ဖမ်းဆီးနေခြင်း ရပ်တန့်ရန် နယူးယော့ခ်အခြေစိုက် Human Rights Watch က စက်တင်ဘာလ (၈) ရက်နေ့တွင် ပြောကြားလိုက်သည်။

"လှောင်ပြောင်သရော်တယ်ဆိုတာက သဘောထားအမြင်ကို ထုတ်ဖော်ပြသမှု တရားဝင်ပုံစံတစ်ခုဖြစ်ပြီး ဒါကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ပါဘူး" ဟု Human Rights Watch ၏ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က မှတ်ချက်ပြုခဲ့သည်။

Source: CNN