တစ်လလျှင် ပီဇာ တစ်ကြိမ်သာ စားရမည်ဆိုသည့် အချက်ပါဝင်သော နှစ်ဦးသဘောတူစာချုပ်နှင့်အတူ လက်ထပ်ခဲ့သည့် အိန္ဒိယစုံတွဲ

တစ်လလျှင် ပီဇာ တစ်ကြိမ်သာ စားရမည်ဆိုသည့် အချက်ပါဝင်သော နှစ်ဦးသဘောတူစာချုပ်နှင့်အတူ လက်ထပ်ခဲ့သည့် အိန္ဒိယစုံတွဲ
ဇူလိုင် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံမှ စုံတွဲတစ်တွဲ၏ မင်္ဂလာပွဲတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များ ပါဝင်သော ကြီးမားလှသည့် နှစ်ဦးသဘောတူ စာချုပ်ကြီးတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြရာ ထိုအကြောင်းက ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေခဲ့သည်။ 

သတို့သားနှင့် သတို့သမီးတို့က သူငယ်ချင်းများနှင့်အတူ အဆိုပါ ဆောင်ရန်၊ ရှောင်ရန် အချက်များကို နှစ်ဦးသဘောတူ ထည့်သွင်းခဲ့ကြသည်ဟု ဆိုသည်။ 

ထိုသို့သော သဘောတူစာချုပ်မျိုးမှာ ဥပဒေအရ အကျုံးမဝင်သော်လည်း သတို့သားနှင့် သတို့သမီးတို့ကြား သဘောတူညီမှုတစ်ခုအဖြစ် လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးက သဘောတူစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြသည့် (၁၆) စက္ကန့်ကြာ မှတ်တမ်းဗီဒီယိုကို မင်္ဂလာပွဲအပြီး နောက်တစ်ရက် ဇွန်လ (၂၂) ရက်နေ့က Instagram တွင် တင်ခဲ့ကြရာ ကြည်ရှုမှုအကြိမ်ရေ (၄၅) သန်းကျော်ရှိကြောင်း သိရသည်။ 

နှစ်ဦးသဘောတူစာချုပ်ထဲမှ ဆောင်ရန်၊ ရှောင်ရန် အချက်များအနက် "တစ်လလျှင် ပီဇာ တစ်ကြိမ်သာ စားရမည်" ဆိုသည့်အချက်က ပီဇာအလွန်ကြိုက်သူ အသက် (၂၄) နှစ်အရွယ် သတို့သမီး Shanti Prasad ကို ရည်ရွယ်သည်ဟု ဆိုသည်။

သူမက ကောလိပ်ကျောင်းမှ ချစ်သူဖြစ်သည့် အသက် (၂၅) နှစ်အရွယ် သတို့သား Mintu Rai ကို အိန္ဒိယအရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ Guwahati မြို့တွင် ရိုးရာထုံးထမ်းစဥ်လာ မင်္ဂလာပွဲအခမ်းအနားဖြင့် လက်ထပ်ခဲ့သည်။ 

၎င်းတို့စုံတွဲမှာ လွန်ခဲ့သည့် (၅) နှစ်က ကောလိပ်၌ ကူးသန်းရောင်းဝယ်ရေး အတန်းတက်စဥ် စတင်ဆုံတွေ့ခဲ့ကြပြီးနောက် မကြာမီ WhatsApp အုပ်စုတစ်ခုထဲတွင် ပြန်ဆုံကြသည်ဟု ဆိုသည်။

တစ်ရက်တွင်မူ Shanti က ကောလိပ်အတန်းလွတ်သွားခဲ့ရာမှ Mintu ကို အကူအညီတောင်းခဲ့ရာ ၎င်းကလည်း ကူညီရန်အသင့်ဖြစ်နေခဲ့သည်။ 

ထို့နောက်တွင် ၎င်းတို့နှစ်ဦးကြား ပိုမိုရင်းနှီးလာပြီး သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ 

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် Mintu နှင့် Shanti တို့ ချစ်သူစုံတွဲများအဖြစ် ပထမဆုံးအကြိမ် ချိန်းတွေ့ခဲ့ကြသည်ဟု ဆိုသည်။

"နောက်ဆုံး အတန်းချိန်လစ်ပြီး အနီးအနားမှာရှိတဲ့ ပီဇာဆိုင်ကို သွားခဲ့ကြတယ်။ သူက အမြဲတမ်း ပီဇာအကြောင်းပဲ ပြောနေတာဆိုတော့ ကျနော် သူ့ကို ပီဇာဆိုင်ခေါ်သွားရမယ်ဆိုတာ သိတယ်လေ" ဟု Guwahati မြို့တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဖွင့်ထားသူ Mintu က အမှတ်တရ ပြန်ပြောပြခဲ့သည်။

"ကျွန်မက ပီဇာ အရမ်းကြိုက်တာ။ ချိန်းတွေ့ကြတိုင်း ပီဇာသွားစားကြမယ်လို့ချည်း အမြဲပြောတာ" ဟု Shanti က ပြောသည်။ 

နောက်ပိုင်းတွင် Mintu လည်း ပီဇာကြိုက်လာခဲ့သော်လည်း နေ့တိုင်း မစားနိုင်ခဲ့ဟုဆိုသည်။ 

"သူက မေးတယ်လေ ပီဇာ ဘယ်လောက်ထိ စားနေမှာလဲ? တခြားဟာ စားကြရအောင်လို့" ဟု Shanti ကလည်း အမှတ်တရအဖြစ် ပြန်ပြောပြခဲ့သည်။ 

၎င်းတို့စုံတွဲမှာ အစားအသောက်အတွက် မည်သည့်အခါကမျှ ရန်မဖြစ်ခဲ့ကြဟုလည်း ဆိုသည်။

Mintu နှင့် Shanti တို့၏ မင်္ဂလာပွဲတွင် လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဦးသဘောတူ ဆောင်ရန်၊ ရှောင်ရန် စာချုပ်ကြီးထဲတွင် ပီဇာကိစ္စအပြင် အခြား အချက်များလည်း ပါဝင်သေးသည်။ 

၎င်းတို့အနက် တနင်္ဂနွေနေ့တွင် Mintu က နံနက်စာချက်ရမည်၊ Shanti ကို (၁၅) ရက်လျှင်တစ်ကြိမ် ဈေးဝယ်ထွက်ရန်ခေါ်သွားရမည်၊ ညဥ့်နက်သည်အထိ ပါတီပွဲများသို့ သွားနိုင်သော်လည်း ဇနီးဖြစ်သူကိုပါခေါ်သွားရမည်၊ Shanti က နေ့တိုင်း gym သို့သွားရမည်၊ နေ့တိုင်း ဆာရီဝတ်ရမည် စသည့်အချက်များ ပါဝင်ကြောင်းလည်း သိရသည်။

Source: BBC

Photo: WEDLOCK_PHOTOGRAPHY_ASSAM,