ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မက်ခရွန် အနိုင်ရကြောင်း ခန့်မှန်းရလဒ်များက ဖော်ပြ

Photo: REUTERS/Christian Hartmann
Photo: REUTERS/Christian Hartmann
ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မက်ခရွန် အနိုင်ရကြောင်း ခန့်မှန်းရလဒ်များက ဖော်ပြ
By Mr John

ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အီမန်နျူရယ်မက်ခရွန် အနိုင်ရပြီး ဒုတိယမြောက် သမ္မတသက်တမ်းအတွက်  ဆက်လက် ထမ်းဆောင်နိုင်မည်ဟု မဲဆန္ဒရှင်စစ်တမ်းကောက်ယူသည့် အဖွဲ့အစည်းများ၏ အစောပိုင်း ခန့်မှန်းချက်များအရ သိရှိရသည်။

ပထမဆုံး ထုတ်ပြန်လာသည့် မဲဆန္ဒရှင်စစ်တမ်း၏ ခန့်မှန်းရလဒ်အရ မက်ခရွန်က ထောက်ခံမဲ ၅၇ မှ ၅၈ ရာခိုင်နှုန်းအထိ ရရှိကြောင်းနှင့် ပြိုင်ဘက်ဖြစ်သူ မာရီနီလီပင်က ၄၂ ရာခိုင်နှုန်း ရရှိသည်ဟု ဆိုသည်။



ထိုကဲ့သို့သော ခန့်မှန်းရလဒ်များမှာ ပုံမှန်အားဖြင့် တိကျလေ့ရှိသော်လည်း   နိုင်ငံတဝန်းမှ တရားဝင်ရလဒ်များ ထွက်ပေါ်လာနေရာ အနည်းငယ်မျှ အပြောင်းအလဲရှိနိုင်ကြောင်း Reuters သတင်းက ဖော်ပြသည်။

ရွေးကောက်ပွဲ အနိုင်ရသည့် မက်ခရွန်သည် ဒုတိယမြောက် သမ္မတသက်တမ်းကို ထမ်းဆောင်ခွင့်ရသည့် တတိယမြောက် ပြင်သစ်သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မည် ဖြစ်သည်။

ထို့အပြင် အသက် (၄၄) နှစ်အရွယ် မက်ခရွန်က နှစ်ပေါင်း (၂၀) အတွင်း ပြန်လည်ရွေးကောက်ခံရသည့် ပထမဆုံး ပြင်သစ်သမ္မတလည်း ဖြစ်လာခဲ့သည်။



သို့သော် ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ ၂၀၁၇ ခုနှစ်တွင် မက်ခရွန်က လီပင်ကို ပထမအကြိမ် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲထက် ပိုမိုအကြိတ်အနယ်ရှိခဲ့သည်ဟု ဆိုသည်။

လက်ယာစွန်းရောက်ဝါဒီတစ်ဦးဖြစ်သူ အသက် (၅၃) နှစ်အရွယ် လီပင်က ပြင်သစ်သမ္မတရွေးကောက်ပွဲကို တတိယအကြိမ်မြောက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် မက်ခရွန် အနိုင်ရမှုကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အပါအဝင် ဥရောပခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုနေကြပြီ ဖြစ်သည်။



Source: Reuters