ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသကို ၎င်း၏တပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟု ရုရှား ပြော

ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသကို ၎င်း၏တပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟု ရုရှား ပြော
ဇူလိုင် 4, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းအရှေ့ပိုင်းအတွင်း နောက်ဆုံးကျန်ရှိသည့် အဓိကမြို့ဖြစ်သော Lysychansk မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ယခုအခါ ရုရှားနှင့် ၎င်း၏ မဟာမိတ်တပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသအားလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က သမ္မတဗလာဒီမာပူတင်ကို ဇူလိုင် (၃) ရက်နေ့တွင် အစီရင်ခံ ပြောကြားခဲ့သည်။ 

ယူကရိန်းဘက်ကလည်း Lysychansk မြို့ရှိ ၎င်းတို့၏တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း ဇူလိုင် (၃) ရက်နေ့ ညပိုင်းတွင် အတည်ပြုခဲ့သည်ဟု Reuters သတင်းက ဖော်ပြသည်။

Luhansk ကို ထိန်းချုပ်နိုင်ခဲ့ပါက စစ်ပွဲကာလ ရက်ပေါင်း (၁၃၀) ပြည့်သည့်နေ့တွင် ရုရှားအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်လာမည်ဟု ဆိုသည်။ 

ရုရှားက စစ်ပွဲအစတွင် ကိဗ်မြို့တော်နှင့် အနီးပတ်ဝန်းကျင် နေရာဒေသများကို အလျင်အမြန် သိမ်းပိုက်ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ယူကရိန်း၏ ပြင်းထန်သော ခုခံတိုက်ခိုက်မှုကြောင့် မအောင်မြင်ခဲ့ပေ။

ထို့နောက် ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်း Luhansk နှင့် Donetsk ဒေသများကို အပြည့်အဝ ထိန်းချုပ်ရန် အာရုံစိုက်လာခဲ့သည်။ 

၂၀၁၄ ခုနှစ်တွင် ရုရှား၏ ပထမအကြိမ် ကျူးကျော်ခဲ့မှုနောက်ပိုင်း ထိုဒေသများအတွင်း ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများနှင့် ယူကရိန်းအစိုးရတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ 

Lysychansk မြို့ကို သိမ်းပိုက်နိုင်ခြင်းဖြင့် ယူကရိန်းလက်အောက်ကနေ Luyhansk ဒေသ လွတ်မြောက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Sergei Shoigu က သမ္မတပူတင်ကို အစီရင်ခံခဲ့ကြောင်း သိရသည်။

Lysychansk မှာ တစ်ချိန်က ကျောက်မီးသွေးတူးဖော်ရေး အဓိက အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။ 

ရုရှားတပ်ဖွဲ့တွေက Lysychansk မြို့နှင့် ကပ်လျက်တည်ရှိသည့် Sievierodonetsk မြို့ကိုလည်း ဇွန်လကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။ 

အရေးပါသည့် ထိုမြို့နှစ်မြို့ကို သိမ်းပိုက်ပြီး Luhansk နှင့် Donetsk ဒေသများကို ထိန်းချုပ်လိုက်ခြင်းဖြင့် ယူကရိန်းအရှေ့ပိုင်းတစ်ခုလုံးကို ၎င်းတို့လက်အောက်သို့ ကျရောက်စေရန် ရုရှားက အာရုံစိုက် ထိုးစစ်ဆင်နေခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲနှင့်ပတ်သက်သည့် ဆက်စပ်သတင်းတစ်ရပ်အရ ယူကရိန်းနယ်စပ်အနီးရှိ ရုရှားတောင်ပိုင်း Belgorod မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ထိုပေါက်ကွဲမှုများမှာ ယူကရိန်းက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ရုရှားဘက်က ပြောဆိုခဲ့သည်။ 

လူနေတိုက်ခန်း အဆောက်အအုံ (၁၁) လုံးနှင့် နေအိမ် (၃၉) လုံး ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က Telegram တွင် တင်ခဲ့သည်။

ထိုဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာ ယူကရိန်းက ရည်ရွယ်ချက်ရှိရှိ စီစဥ်ခဲ့ခြင်းဖြစ်ပြီး ရုရှားမြို့များ၏ အရပ်သားနေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Konashenkov က ပြောခဲ့သည်။ 

ယူကရိန်းဘက်က ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်းမရှိသေးကြောင်း Reuters သတင်းက ဖော်ပြသည်။

ဇူလိုင်လ (၁) ရက်နေ့တွင်မူ ရုရှားဗုံးကြဲလေယာဥ်များမှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းတောင်ပိုင်း Odesa မြို့တွင် ကလေး (၂) ဦးအပါအဝင် အနည်းဆုံး လူ (၂၁) ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရအရာရှိများက ပြောသည်။ 

Odesa မြို့ Serhiyivka လူနေဒေသရှိ (၉) ထပ်တိုက်ခန်း အဆောက်အအုံတစ်ခုနှင့် အပန်းဖြေစင်တာတစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။

Source: Reuters, CNN, BBC

Photo: REUTERS/Alexander Ermochenko,  BBC