ဘန်ကောက်မြို့ တရုတ်တန်းအနီး မီးလောင်မှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး 

Photo: Bangkok Community Help Foundation
Photo: Bangkok Community Help Foundation
ဘန်ကောက်မြို့ တရုတ်တန်းအနီး မီးလောင်မှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး 
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ တရုတ်တန်းအနီး ဈေးဆိုင်တန်းနေရာတစ်ခုတွင် ကြီးမားသည့်မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂) ဦး သေဆုံးခဲ့ပြီး အဆောက်အအုံများနှင့် ကားများ မီးလောင်ပျက်စီးခဲ့သည်။ 

ဇွန်လ (၂၆) ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုအတွင်း အခြား လူ (၉) ဦး မီးခိုးမွန်းမှု ခံစားခဲ့ကြရကြောင်း ဘန်ကောက်မြို့တော်ဝန်နှင့် ပြည်တွင်းမီဒီယာက ပြောသည်။

မီးလောင်မှုအတွင်း လျှပ်စီးကဲ့သို့ လင်းလက်မှုများ ထွက်ပေါ်ခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံများလည်း ကြားခဲ့ရကြောင်းနှင့် လူအများအပြားက ထရန်စဖော်မာ ပေါက်ကွဲကြောင်း အော်ဟစ်ပြောဆိုပြီး ထွက်ပြေးနေခဲ့ကြသည်ဟု Facebook အသုံးပြုသူ Oaky Ekarat Soyin က ဆိုသည်။ 

၎င်းက ထိုမီးလောင်မှုကို မျက်မြင်တွေ့ခဲ့ရကြောင်း ပြောသည်။ 

ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က သတင်းထောက်များကို ပြောကြားမှုအရ (၃) ထပ် အဆောက်အအုံတစ်ခုတွင် ထရန်စဖော်မာ ပေါက်ကွဲခဲ့ရာမှ မီးလောင်မှုဖြစ်ပြီး ထိုအဆောက်အအုံကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုအတွင်း လူ (၂) ဦး သေဆုံးခဲ့ပြီး မီးသတ်သမားအများစု အပါအဝင် မီးခိုးမွန်းမှု ခံစားခဲ့ရသူ (၉) ဦးရှိခဲ့သည်ဟု မြို့တော်ဝန်က အတည်ပြုသည်။

 သေဆုံးခဲ့သူ (၂) ဦးမှာ အသက် (၃၅) နှစ်အရွယ် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ ဖြစ်သည်။ 

၎င်းတို့ (၂)ဦးက  အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ် လုပ်ကိုင်ကြသည်ဟု ဆိုသည်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် ထိုင်းနိုင်ငံသားတို့မှာ ဆိုင်ဝင်ပေါက်တွင် မီးလောင်ခဲ့ရာမှ ဆိုင်အတွင်း ပိတ်မိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

Source: Reuters